တိုက်ပွဲကြောင့် ထွက်ပြေး လာသူတွေ ခိုကိုးရာမဲ့နေ

  • 16 ဇန်နဝါရီ 2011
DKBA
Image caption တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြသူတွေ

မြန်မာ အစိုးရတပ်တွေနဲ့ DKBA တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် အကြား တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဖက်ခြမ်းကို ထွက်ပြေး ခိုလှုံလာကြတဲ့ ဒုက္ခသည် တစ်ထောင်လောက်ဟာ အကူအညီ ပေးမဲ့သူမရှိ ဖြစ်နေတာမို့ ခိုကိုးရာမဲ့ ဖြစ်နေကြပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြီးချိန်ကစလို့ နှစ်ဖက် အကြား တိုက်ပွဲတွေ စတင်ခဲ့ရာမှာ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ ဒီကေဘီအေ စခန်းဟောင်း ကချောဝါးလေး တောင်ဖက်နားမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့သလို ဦးကလေးထနဲ့ ဒီကေဘီအေ ဌာနချုပ် လေးကော် စခန်းဖက် သွားရာ လမ်းတွေ မှာလည်း ကြိုကြား ကြိုကြား ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီလို တိုက်ပွဲတွေ ဖြစ်နေတာကြောင့် မြန်မာဖက်က ရွာသားတွေ ထိုင်းဖက်ကို ထွက်ပြေး တိမ်းရှောင်လာကြပေမဲ့ သူတို့ကို ထိုင်းဖက်မှာ ကူညီမဲ့ အဖွဲ့အစည်းတွေ မရှိလို့ ထိုင်းဖက် နယ်စပ် သောင်ရင်းမြစ် တလျှောက်မှာ ဖြစ်သလို ပုန်းအောင်း နေထိုင်ကြရတယ်လို့ ဝေါ်လေ ရွာသူကြီး က ဘီဘီစီ ကိုပြောပြပါတယ်။

ဒုက္ခသည် စခန်း ဖွင့်ထားပေးတာ မရှိတဲ့အတွက် သောင်ရင်းမြစ် တလျှောက်က တောင်ယာတဲတွေ နဲ့ သစ်ပင်ကြီးတွေ အောက်မှာ ပုန်းအောင်း နေကြရကြောင်းနဲ့ ထွက်ပြေးလာသူ ရွာသားတွေမှာ အိုးခွက်၊ ပန်းကန်၊ အဝတ်အစားနဲ့ ခြုံစောင် စတာတွေ အပြည့်အစုံ မပါတဲ့အတွက် အေးခဲတဲ့ ဆောင်းရာသီဒဏ်ကို ခံနေရတယ်လို့ လည်း ပြောပါတယ်။

စစ်ပြေး ဒုက္ခသည်တွေဟာ ဝေါ်လေဖက်က နယ်စပ် တောင်ယာတွေထဲမှာ တစုမှာ တရာ၊ တရာကျော် ရှိတဲ့ အုပ်စုတွေ ၁၀စုထက် မနည်း ရှိတယ်လို့ သိရပါတယ်။

ထိုင်းဖက် မိန်လိချိုင်း၊ ချောင်းခက်၊ ဟွေ့နမ်းနပ်က် စတဲ့ ကရင်ရွာတွေဖက်ကို ထွက်ပြေး တိမ်းရှောင်လာတဲ့သူတွေကတော့ ရွာထဲက ထိုင်းကရင်လူမျိုးတွေရဲ့ အိမ်တွေ အနီးအနားမှာ ခိုလှုံနေကြပြီး သူတို့မှာ ပါလာတဲ့ ရိက္ခာကိုပဲ ဝေမျှ စားသောက်နေရတယ်လို့ သိရပါတယ်။