ပေါ်တာ ၃၀ နယ်စပ် ထွက်ပြေး

  • 17 ဇန်နဝါရီ 2011
refugees
Image caption စစ်ပွဲကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည် တွေ။

မြန်မာ စစ်အစိုးရရဲ့ ဗျူဟာ ၁ အဖြစ် သတ်မှတ်ထားတဲ့ နောက်ထိုင် စစ်စခန်း တစ်ခု ကနေ စနေနေ့ မနေ့ တုန်းက ပေါ်တာ အဖြစ် ခေါ်လာ ခဲ့တဲ့ အကျဉ်းသား ၂၅ ယောက်ထက် မနည်း ထွက်ပြေး ခဲ့ပါတယ်။

မိတ္ထိလာ အကျဉ်း ထောင်က အကျဉ်းသား ၃၀ ကို ဇန္နဝါရီလ ၁ ရက်နေ့ည ၂ နာရီ ခွဲမှာ ပဲခူးထောင်ကို ခေါ်လာခဲ့ပြီး မနက်ခင်း ၈ နာရီမှာ ဘားအံထောင်၊ အဲဒီကမှ ကော့ကရိတ် တပ်ရင်းကို ခေါ်လာခဲ့ ကြပါတယ်။

ကော့ကရိတ် တပ်ရင်းကို ရောက်တော့ အဲဒီ တပ်ရင်းထဲမှာ သူတို့ အပါအဝင် တခြား အကျဉ်းထောင် အသီးသီးက ခေါ်ထားတဲ့ အကျဉ်းသား အားလုံး ၈၀၀ ရှိတဲ့ အကြောင်း ပြီးတော့ တပ်ရင်းတွေ အလိုက် ခွဲပြီး ပို့တာ ဗျူဟာ ၁ အထိုင်တပ်ကို ပို့လို့ သူတို့ ၃၀ က ဖလူးကြီးမှာရှိတဲ့ စခန်းအထိုင်ကို ရောက်လာခဲ့တယ်လို့ ထိုင်းမြန်မာ နယ်စပ် တနေရာကို ထွက်ပြေး လာတဲ့ အကျဉ်းသား ကိုကျော်ဆင့်က ဘီဘီစီကို ပြောပါတယ်။

ဖလူးကြီး စခန်း ထိုင်မှာ လက်နက် တွေကို ဘုရား သုံးဆူကုန်းပေါ် တနေကုန် သယ်ပေး ရတာရှိပြီး တခါတလေ နေ့လည်စာ တောင် မကျွေးပဲ မောလို့ ထိုင်ပြီး နားရင်လည်း သေနတ် ဒင်နဲ့ ထုတဲ့အကြောင်း ဒဏ်ရာ ရတဲ့ စစ်သား ၃ ယောက် ကိုလည်း ထမ်းပေး ခဲ့ရတဲ့ အကြောင်း ကိုကျော်ဆင့်က သူ့အတွေ့ အကြုံကို ပြောပါတယ်။

နအဖ တပ်တွေက ဖလူးလေး ဖလူးကြီးကို သိမ်းပြီး တဲ့အချိန် ဖလူကုန်း ဆိုတဲ့ စခန်းကို ရွှေ့ရတဲ့ အခါ နအဖ စစ်သားတွေ အရာ ရှိတွေ သောက်စား မူးယစ် ပျော်ပါးပြီး ဖဲထိုင် ရိုက်နေတဲ့ ညအချိန် ကိုကျော်ဆင့် အပါအဝင် အကျဉ်းသား အားလုံး ထဲက အသက် ၅၀ ကျော် လူတချို့ ကလွဲပြီး ကျန်သူ အားလုံးဟာ စခန်း ကနေ ထွက်ပြေး နိုင်ခဲ့ကြ ပါတယ်။

အထမ်းသမားတွေဟာ တောင် ၃ တောင်ကျော်ပြီး ရွာတရွာ အရောက်မှာ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ တွေ့ခဲ့ပြီး လမ်းမှာ နအဖ စစ်တပ်က လိုက်လံ ပစ်ခတ်လို့ အကျဉ်းသား တစ်ယောက် ဒဏ်ရာ ရရှိခဲ့ ပါသေးတယ်။ အခုတော့ ကိုကျော်ဆင့် နဲ့အတူ အကျဉ်းသား ၁၇ ယောက်ဟာ ထိုင်းမြန်မာ နယ်စပ် တနေရာမှာ ရောက်ရှိနေ ကြပါတယ်။