ILO ကိုယ်စားလှယ် အဖွဲ့တခု မြန်မာပြည်ကို လာဖို့ရှိ။

  • 18 ဇန်နဝါရီ 2011
Image caption ILO နဲ့ မြန်မာအစိုးရကြား ပူးပေါင်း ဆောင်ရွက်မှု တွေ ရှိလာနေပြီလို့ ILO က ဆို

မြန်မာ အစိုးရက ရေးဆွဲ ပြဌာန်းဖို့ စီစဉ်နေတဲ့ အလုပ်သမား သမဂ္ဂ ဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အကြံပြုဖို့ အိုင်အယ်လ်အို ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်က ကျွမ်းကျင်သူအဖွဲ့တခုဟာ လာမယ့် ဖေဖော်ဝါရီလအတွင်း မြန်မာ နိုင်ငံကို လာရောက်ဖို့ ရှိနေပါတယ်။

မြန်မာအစိုးရက ၁၅ မျက်နှာပါ ဥပဒေကြမ်းတရပ်ကို ပြင်ဆင်ထားပြီး အိုင်အယ်အိုရဲ့ ဒုတိယ အမှုဆောင် ညွှန်ကြားရေးမှူးချုပ် အသစ်ဖြစ်တဲ့ Mr Guy Ryder ဦးဆောင်တဲ့ ကျွမ်းကျင်သူ ကိုယ်စားလှယ်အဖွဲ့တခုက အစိုးရရဲ့ တရားဝင် ဖိတ်ကြားချက်အရ အဲဒီဥပဒေကို အကြံပေးဖို့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။

ဒီဥပဒေကို တရားဝင် ပြဌာန်းတဲ့အခါမှာ ဥပဒေဘောင်အတွင်းကနေ အလုပ်သမား အခွင့်အရေး အတွက် ဆောင်ရွက်ကြဖို့ ခုကတည်းက ပြင်ဆင်နေကြသူတွေရှိကြောင်း၊ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့်တို့၊ အလုပ်သမား အခွင့်အရေးအတွက် ကိုယ်စားပြု တောင်းဆိုရေးတို့ ဆိုတာတွေဟာ တဖက်နဲ့တဖက် ညှိနှိုင်းတာတို့၊ ဆန္ဒပြ တောင်းဆို တာတို့လို ကိစ္စမျိုးတွေ ပါဝင်တဲ့အတွက် လေးနက်ပြီး အရေးပါတယ်လို့ ထိုင်းနိုင်ငံမှာ ခေတ္တ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အိုင်အယ်လ်အို ဆက်သွယ်ရေးအရာရှိ Mr Steve Marshall က ဘီဘီစီကို ပြောပါတယ်။

တကယ်လို့သာ ဒါနဲ့ပတ်သက်တဲ့ ဥပဒေကို ပြဌာန်းလိုက်တယ်ဆိုရင် မြန်မာ့ လူ့အဖွဲ့ အစည်းကို ဖွံ့ဖြိုးအောင် ရှေ့ဆက် ဆောင်ရွက်တဲ့ နေရာမှာ အတော် အရေးပါတဲ့ အပြောင်းအလဲတခု ဖြစ်လာမယ်လို့ ဆိုပါတယ်။

မြန်မာ အစိုးရဟာ အခု လောလောဆယ်မှာကို လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့်ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို လက်ခံ အတည်ပြုထားပြီး ဖြစ်ပြီး ဥပဒေအနေနဲ့ အခု ပြဌာန်းတော့မယ် ဆိုတဲ့အခါမှာ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအရ လိုအပ်လို့ ပြဌာန်းတာ ဖြစ်တဲ့ အပြင် နိုင်ငံတကာ သဘာတူညီချက်တွေနဲ့ပါ ကိုက်ညီအောင် ဆောင်ရွက်ရမှာ ဖြစ်တယ် လို့လည်း ပြောပါတယ်။

အဲဒီ နိုင်ငံတကာ သဘောတူညီချက်တွေ အရ လိုက်နာရမယ့် စည်းကမ်းချက်တွေ ရှိကြောင်း၊ ဒါကြောင့် အိုင်အယ်လ်အိုက အကြံပေးတဲ့အခါ နိုင်ငံ တကာ ဥပဒေတွေက ဘယ်လို ရှိနေတယ်၊ လက်တွေ့ကျကျ ဘာတွေကို ဆောင်ရွက်နိုင်တယ် ဆိုတာတွေကို ပြောပြမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် သူတို့ ဘယ်လောက် လက်ခံ ဆောင်ရွက်မလဲ ဆိုတာကတော့ မြန်မာ အစိုးရက ဆုံးဖြတ် မှာ ဖြစ်ကြောင်း၊ ဘယ်လိုဘဲဖြစ်ဖြစ် အကြံပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်တဲ့ အိုင်အယ်လ်အိုကို ဖိတ်ခေါ်တယ် ဆိုတာဟာ သူတို့ဖက်က ဒီအကြံဉာဏ်တွေကို လက်ခံ စဉ်းစားချင်တယ် ဆိုတဲ့ သဘောမျိုးလို့ ရှုမြင်ပါကြောင်း Mr Steve Marshall က ဘီဘီစီကို ပြောပါတယ်။