အမတ်တွေ ကို သတင်းကန့်သတ်

  • 18 ဇန်နဝါရီ 2011
Journals in Burma
Image caption ဂျာနယ်တွေထဲမှာ ပါတဲ့ သတင်း တွေကို လူတွေ စိတ်ဝင် တစား ဖတ်လေ့ရှိ

မကြာသေးခင်က ဖြန့်ဝေ ရောင်းချ ခဲ့တဲ့ လွှတ်တော် ဆိုင်ရာ ဥပဒေ တွေထဲမှာ အစိုးရသစ် လက်ထက် လွှတ်တော် ကိုယ်စားလှယ် တွေ အနေနဲ့ ပြည်သူကို တရားဝင် ထုတ်ပြန်ခြင်း မရှိတဲ့ လွှတ်တော် တွင်း ဆွေးနွေးမှု သတင်း တွေကို ပြင်ပ ပေါက်ကြားမှု မရှိ စေရ ဘူးလို့ ကန့်သတ် ထား တဲ့ အကြောင်း ဥပဒေကို ဖတ်ပြီးသူ တွေက ပြောနေကြ ပါတယ်။

လွှတ်တော် ကိုယ်စားလှယ် တွေကို သတင်း မပေါက်ကြား စေရဘူးလို့ ဒီလို ကန့်သတ် ထားတဲ့ အတွက် လွှတ်တော် တွင်းမှာ ဆွေးနွေး ကြတဲ့ ပြည်သူ့ ရေးရာ ကိစ္စတွေ ကို ပြည်သူတွေ သိရှိအောင် ထုတ်ပြန်ဖို့ အခက် အခဲ တွေ ရှိလာ နိုင်တယ်လို့ ပြည်တွင်းက အလွတ် သတင်း ထောက် တစ်ယောက် ဖြစ်တဲ့ ကိုသက်ဇင် က ပြော ပါတယ်။

လွှတ်တော် ကိုယ်စားလှယ် တွေ အနေနဲ့ ဘယ်လို သတင်းမျိုး တွေကို ထုတ်ပြန် နိုင်ခွင့် ရှိတယ်၊ ဘယ်လို သတင်းက ထုတ်ခွင့် မရှိဘူး စသဖြင့် သတ်မှတ် ထားချက် တွေ ကို တော့ မသိရသေး ပေမဲ့ သတင်း သမား တွေ ကြားမှာ တော့ သူတို့ ကြုံနိုင်တဲ့ အခြေ အနေ တွေကို ပြောနေ ဆိုနေကြတာတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။

လာမယ့် လွှတ်တော် အစည်းအဝေးမှာ ပြည်တွင်းက သတင်းသမားတွေ အနေနဲ့ လည်း ဘယ်လို သတင်းတွေကို ရယူခွင့် ရှိမလဲ၊ အရင်က ပုံစံ အတိုင်း တာဝန်ရှိတဲ အစိုးရ ဌာနတွေက စီစဉ်ပေးမှာလား၊ ကိုယ့်သဘောနဲ့ ကိုယ် သတင်းသွားယူနိုင်ခွင့် ရှိမှာလား၊ လွှတ်တော်တွင်းမှာ သတင်းသမားတွေ အတွက် နေရာ တစ်ခု ထားပေးမလား စတာတွေ ကိုလည်း သတင်း သမားတွေက ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ကိုသက်ဇင်က ပြောပါတယ်။

သတင်းသမားတွေရဲ့ အခန်း ကဏ္ဍနဲ့ ပတ်သက်လို့ လာမယ့် ရက်ပိုင်း အတွင်း စာပေ စာနယ်ဇင်း သို့မဟုတ် စာပေ စိစစ်ရေး သို့မဟုတ် ပြန်ကြားရေး ဌာနကို သွားရောက်ပြီး မေးမြန်း စုံစမ်းဖို့ စီစဉ် ထားတယ်လို့လည်း ကိုသက်ဇင်က ဘီဘီစီကို ပြောပါတယ်။