အမေ့အိမ် အခမဲ့ပညာ ဒါနကျောင်း ပိတ်ပင်ခံရ

  • 18 ဇန်နဝါရီ 2011
suu kyi
Image caption ဒေါ်စု က ကျန်းမာရေး ပညာရေး စတဲ့ လူမှုရေး လုပ်ငန်း တွေကို လည်း အာရုံစိုက်

NLD နဲ့ လူငယ်ကွန်ယက် တို့ရဲ့ ဦးဆောင်မှု နဲ့ မနေ့ တနင်္လာ နေ့ က မှ ဖွင့်လှစ် ခဲ့တဲ့ အမေ့အိမ် အခမဲ့ ပညာ ဒါနကျောင်း ကို ဒီနေ့ အင်္ဂါနေ့ မှာပဲ ပိတ်ပစ် ဖို့ မြို့နယ် ပညာရေးမှူး က ဖိအား ပေးခဲ့ ပါတယ်။

အမေ့အိမ် လို့ အမည် ပေးထားတဲ့ လှိုင်သာယာ အခမဲ့ ပညာသင်ကျောင်း ရဲ့ ကော်မီတီဝင်တွေ ဖြစ်ကြတဲ့ ဦးဖြိုးမင်းသိန်း၊ ဦးမျိုးညွန့် နဲ့ ဦးအေးကို တို့ကို လှိုင်သာယာ ပညာ ရေးမှူး ကအင်္ဂါနေ့ နေ့လည် ပိုင်း မှာ ခေါ်ယူ တွေ့ဆုံပြီး ဒီကျောင်းကို ဆက်မဖွင့်ဖို့ ပြောဆိုခဲ့ ပါတယ်။

ဒီကျောင်း ကို တရားဝင် မှတ်ပုံတင်ရှိပြီးမှ ဖွင့်ဖို့ နဲ့ ကျောင်းသားတွေ ကျောင်းအပ်တဲ့ကိစ္စ၊ စာအုပ်စာတမ်းကိစ္စတွေကိုလည်း ပညာရေး ဌာန ကပဲ ဆောင်ရွက် နေတဲ့ အကြောင်း ပညာရေးမှူးက ခေါ်ပြောတာ ဖြစ်တယ် လို့ ဦးဖြိုးမင်းသိန်း က ဘီဘီစီ ကို ပြောပါတယ်။

အမေ့အိမ် အခမဲ့ ပညာသင်ကျောင်းမှာ သူငယ်တန်း ကနေ ပဉ္စမတန်းအထိ ရှိနေပြီး စေတနာဆရာ ၇ ယောက်လောက် ရှိနေလို့ ဒီကျောင်းကို မပိတ်ပဲ ဆက်ဖွင့်မယ့်အပြင် တရားဝင် မှတ်ပုံတင်ဖို့ ကိုလည်း တချိန်ထဲမှာ ဆောင်ရွက်သွားမှာ ဖြစ်တယ် လို့ ဦးဖြိုးမင်းသိန်း က ပြောပါတယ်။

ဒီကျောင်းကို အခြေခံပြီး နယ်တွေမှာ ရှိတဲ့ နောက်ထပ် လူငယ် ကွန်ယက်တွေနဲ့ ချိတ်ဆက်ပြီး အခမဲ့ ပညာရေး ကွန်ယက် ကျယ်ကျယ် ပြန့်ပြန့် ဖြစ်လာအောင် အထိ ဆောင်ရွက် သွားမယ့် အစီအစဉ် တွေ လည်း ရှိနေတယ် လို့ သိရ ပါတယ်။