ရခိုင်ပါတီက ပြည်နယ်လွှတ်တော်အဓိကနေရာ ယူဖို့ မှန်း

  • 18 ဇန်နဝါရီ 2011
RNDP

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ လွှတ်တော်အမတ်များဟာ စစ်တွေမြို့မှာ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ စတင်ကျင်းပ မယ့် ရခိုင်ပြည်နယ် လွှတ်တော်အတွင်း ဆောင်ရွက်လုပ်ကိုင်နိုင်မယ့် အခြေအနေ များနဲ့ပတ်သက်ပြီး ဒီကနေ့ စစ်တွေမြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပါတီဟာ နိုင်ငံတော်သမ္မတက တာဝန်ပေးရင် ပြည်နယ်ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်နိုင်ကောင်း ထမ်းဆောင်နိုင်မှာဖြစ်ပြီး တကယ်လို့ ကြံ့ခိုင်ရေးပါတီက ပြည်နယ်ဝန်ကြီးချုပ် တင်ခဲ့လို့ရှိရင်တော့ ပြည်နယ် လွှတ်တော်ပါလီမန်ရဲ့ ဥက္ကဌနေရာကို ရရှိနိုင်အောင် တိုင်ပင်ညှိနှိုင်းကြတာဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်အတွင်း အမတ်နေရာ ၃၄ နေရာမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ၁၈ နေရာ၊ ကြံ့ခိုင်ရေးပါတီက ၁၃ နေရာ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီက ၂ နေရာနဲ့ တစည ပါတီက ၁ နေရာ အနိုင်ရရှိထားပါတယ်။

ဒီအထဲမှာ စစ်တပ်က လွှတ်တော်အမတ် ၉ နေရာပါဝင်လာမှာမို့ ကြံ့ခိုင်ရေးနဲ့ စစ်တပ်ကသာ ရခိုင်ပြည်နယ်လွှတ်တော်ကို လွှမ်းမိုးသွားနိုင်မှာပါ။

အခု ဖြစ်လာမယ့် ပါလီမန်အခင်းအကျင်းကိုကြည့်ပြီး ရခိုင်တိုးတက်ရေးပါတီဟာ အတိုက်အခံနဲ့ ပူးပေါင်းပြီးမှ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်တာက အဆင်ပြေမယ်လို့ ယူဆတဲ့အကြောင်းကိုလည်း ဒေါက်တာအေးမောင်က ပြောသွားပါတယ်။