မြန်မာ အတိုက်အခံ ရုံးတွေကို ထိုင်းစစ်တပ် ဝင်ရှာ

  • 19 ဇန်နဝါရီ 2011

ထိုင်းနဲ့ မြန်မာ နိုင်ငံ နယ်စပ် မှာ မြန်မာ စစ်တပ်နဲ့ ဒီကေဘီအေ တပ်တို့ အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေချိန်မှာ မဲဆောက်မြို့မှာ ရှိတဲ့ မြန်မာ အတိုက် အခံ တွေရဲ့ ရုံးကို ထိုင်းစစ်တပ်က ဗုဒ္ဓဟူး နေ့ မနက်က ဝင်ရောက် ရှာဖွေခဲ့ ပါတယ်။

မဲဆောက် မြို့ အခြေစိုက် အမှတ် ၄ ဒေသ ကွပ်ကဲရေးတပ်က မဲဆောက် မှာရှိတဲ့ ဒီအေဘီ၊ အင်ဒီအက်ဖ် စတဲ့၊ တပ်ပေါင်းစု ရုံးတွေ အပါအဝင် မြန်မာ အတိုက်အခံရုံး အနည်းဆုံး ၆ ရုံးကို ဝင်ရောက် ရှာဖွေခဲ့ ပါတယ်။

Image caption မဲဆောက်မြို့ဟာ အကြောင်း အမျိုးမျိုးနဲ့ ထွက်ပြေး လာကြတဲ့ မြန်မာ တွေရဲ့ ခိုလှုံရာ ဖြစ်နေ

မြန်မာနိုင်ငံ ဘက်အခြမ်းက နေ ထိုင်း ဘက်ကို တိမ်းရှောင် လာကြသူ တွေကို လူသားချင်း စာနာတဲ့ အနေနဲ့ ထိုင်းနိုင်ငံက ခိုလှုံနေထိုင် ခွင့် ပေးထား ပေမဲ့ အဲဒီ လူတွေက ထိုင်းနိုင်ငံကို အခြေပြုပြီး နိုင်ငံရေး၊ စစ်ရေး လှုပ်ရှားမှု တွေ လုပ်တာ ကိုတော့ ခွင့်မပြု နိုင်ဘူးလို့ မြန်မာ အတိုက်ခံ ရုံးတွေကို ဦးဆောင် ရှာဖွေ ခဲ့တဲ့ ထိုင်း စစ်တပ်က ဗိုလ်ကြီး ဆွန်ဘွန်းက ပြောပါတယ်။

သူတို့ တာဝန်ယူ ထားတဲ့ နယ်မြေထဲမှာ နိုင်ငံရေး လုပ်ရှားမှုတွေ လုပ်နေတယ် လို့ ကြားရတဲ့ အတွက် ဝင်ရောက် ရှာဖွေ စစ်ဆေး တာဖြစ်ပြီး တရား မဝင် လက်နက်၊ ခဲယမ်း စတာ တွေကိုတော့ မတွေ့ ခဲ့ရဘူး သူက ပြော ပါတယ်။

ဒီလို လုပ်ဆောင် တာဟာ လောလောဆယ် ဖြစ်နေတဲ့ နယ်စပ်က တိုက်ပွဲ တွေမှာ ဒီကေဘီအေနဲ့ အတူ ကေအန်ယူနဲ့ ကျောင်းသား တပ်ဖွဲ့တွေက ကူညီ တိုက်ပေး နေတဲ့ အတွက် မြန်မာ အစိုးရနဲ့ မျက်နှာ မပျက် လိုတဲ့ ထိုင်း အစိုးရက မဲဆောက်မှာ ရှိတဲ့ မြန်မာ အတိုက်အခံ တွေနဲ့ လက်နက်ကိုင် အဖွဲ့တွေကို ထိန်းချုပ် လာတာ ဖြစ် ပါ တယ်။