မြန်မာနိုင်ငံမှာ အမေများနေ့ ကျင်းပ

  • 19 ဇန်နဝါရီ 2011
Mother's Day

မြန်မာနိုင်ငံမှာ အမေများနေ့ အခမ်း အနားတွေကို မန္တလေးမြို့နဲ့ စစ်ကိုင်း၊ ရွှေဘို၊ မတ္တရာ၊ ရမည်းသင်း၊ ဖျာပုံ စတဲ့နေရာ ၃၀ မှာ ပုံစံ အမျိုးမျိုးနဲ့ ကျင်းပခဲ့ကြတယ်။

စာရေးဆရာနဲ့ ဒါရိုက်တာ ဆရာကြီးဦးသုခ ဦးဆောင်ပြီး ပြာသိုလပြည့်နေကို အမေများနေ့ အဖြစ် ကျင်းပလာတာ ၁၅ နှစ်ရှိခဲ့ပြီဖြစ်ပြီး ဆရာကြီးကွယ်လွန်တာ ၅ နှစ်ကျော်ခဲ့ပေမယ့် ဆရာကြီးကိုလေးစားတဲ့ တပည့်တွေနဲ့ အမေတွေကို ချစ်တဲ့ သားသမီးတွေက အမေများနေ့ကို ဆက်လက်ကျင်းပနေဆဲဖြစ်ပါတယ်။

မန္တလေးမြို့မှာတော့ အထက်မြန်မာပြည်စာရေးဆရာတွေက ဦးဆောင်ပြီး စင်္ကြာသီဟ ဘုရားဝန်းအတွင်းမှာ အမေနေ့အတွက် ဆရာချစ်ဦးညိုနဲ့ ရုပ်ရှင်မင်းသမီး ဆွေဇင်ထိုက်တို့က ဟောပြောခဲ့ရာမှာ ပရိတ်သတ် ၁ သောင်းကျော် တက်ရောက်ခဲ့ပါတယ်။

ဒီအခမ်းနားဖြစ်မြောက်အောင် စီစဉ်သူတဦးဖြစ်တဲ့ စာရေးဆရာ ဘုန်းမြင့်အောင်က ''အမေ့ကျေးဇူးသိပြီး လက်တွေ့ပေးဆပ်တဲ့ သားသမီးတွေ ပေါ်လာအောင် ကျနော်တို့ အမေနေ့အခမ်းအနားကို ကျင်းပပါတယ်'' လို့ ဘီဘီစီကို ပြောပါတယ်။

ဒီအခမ်းအနားမှာ စာရေးဆရာချစ်ဦးညိုက သမုတိအမေမှ ပရမတ္တအမေသို့ဆိုတဲ့ ခေါင်းစဉ်နဲ့ဟောခဲ့သလို ရုပ်ရှင်မင်းသမီးဆွေဇင်ထိုက်ကတော့ အမေလေးယောက် အကြောင်း ဟောပြောခဲ့တယ်လို့ ဆိုပါတယ်။

ဆရာချစ်ဦးညိုက ''ကျနော် အမေနဲ့ပတ်သက်တဲ့ ဆရာမင်းသု၀ဏ်၊ ဆရာတင်မိုး၊ ဆရာကြည်အောင်၊ ဆရာမငွေတာရီ အဲ့ဒီကဗျာလေးတွေ ကျနော်ရွတ်ပြပါတယ်။ ပြီးတော့ ကျနော့်ကိုယ်တိုင် အမေနဲ့ပတ်သက်တဲ့ အတွေ့အကြုံ ကျနော်ပြောပြပါတယ်'' လို့ ပြောပါတယ်။

''ဥပမာ ခွေးမကြီး တကောင်ရှိတယ်။ ခွေးလေးတွေမွေးတယ်။ ခွေးလေးတွေက ခွေးမကြီးနို့ကိုစို့ကြတယ်။ အဲ့ဒါ ခွေးလေးတွေက အမေအမေဆိုပြီး သိတယ်။ ကြီးပြင်းလာတဲ့အခါမှာ အရိုးတခုကို အကြောင်းပြုပြီးတော့ အဲ့ဒီခွေးလေးတွေက ခွေးမကြီးကို ပြန်ကိုက်တယ်။ အဲ့ဒါ သူ့အမေလို့ သူမသိတော့ဘူး။ အဲ့ဒီလိုဆိုရင် အမေကို အမေမှန်းမသိတဲ့ လူငယ်တွေဟာ လူမဟုတ်တော့ဘူး ခွေးပဲဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်။''

ဆရာကြီးဦးသုခရဲ့တပည့်ရင်းလည်းဖြစ် အမေ့ကျေးဇူးဆပ်တဲ့ အမေ့နို့ဘိုးဆိုတဲ့ ရုပ်ရှင်ဇတ်ကားရိုက်ကူးခဲ့တဲ့ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ အကယ်ဒမီ ဦးကျော်သူကလည်း ကမ္ဘာပေါ်မှာသက်ရှိထင်ရား ဘုရားတဆူဆိုလို့ အမေပဲရှိတယ်လို့ ပြောပါတယ်။