ယုဇနရဲ့ မြေသိမ်းခံ တောင်သူတွေအမှု ကြားနာမည်

  • 20 ဇန်နဝါရီ 2011
land
Image caption ဖားကန့်မှာ ယုဇနက တောင်သူတွေကို တန်ကြေး မပေးဘဲ မြေတွေ သိမ်းယူ နေတယ်လို့ တောင်သူတွေပြော

ဖားကန့် မြို့နယ် ထဲမှာ ယုဇန ကုမ္ပဏီဆီက လျော်ကြေး မဖြစ်စလောက် ဒါမှမဟုတ် လုံးဝ မရဘဲ လယ်သိမ်းခံရတဲ့ တောင်သူ တွေက နစ်နာကြေး တောင်းတဲ့ အမှုကို ကြားနာဖို့ မြစ်ကြီးနား တရားရုံးက လက်ခံလိုက်ပါတယ်။

မြေယာ အသိမ်းခံထားရတဲ့ သုံးနှစ်တာ ကာလ အတွက် နစ်နာကြေး သိန်းကိုးထောင့် ရှစ်ရာကျော် ပေးဖို့ လယ်သမား နှစ်ဆယ့် လေးယောက်က ယုဇန ကုမ္ပဏီကို တရားစွဲ ထားပါတယ်။

ခုလာမဲ့ ၂၆ ရက်နေ့မှာ ယုဇန ကုမ္ပဏီကို ဆင့်စာပို့ဖို့ ချိန်းဆိုထားတယ်လို့ တောင်သူတွေရဲ့ ရှေ့နေ ဦးကျော်စိုးလင်းက ပြောပါတယ်။

လောလောဆယ် တောင်းခံထားတဲ့ နစ်နာကြေးထဲမှာ အသိမ်းခံထားရတဲ့ လယ်ယာ မြေတွေရဲ့ တန်ဖိုး မပါဝင်သေးဘဲ စအသိမ်းခံရတဲ့ လွန်ခဲ့တဲ့ သုံးနှစ်ကနေ ကနေ့ထိ ကာလအတွင်း သီးနှံ စိုက်ပျိုး ရောင်းချခွင့် ဆုံးရှုံးခဲ့တဲ့ အတွက် နစ်နာ ဆုံးရှုံးရမဲ့ ငွေပမာဏကို ခန့်မှန်း တွက်ချက်ပြီး တောင်းခံတာ ဖြစ်တယ်လို့ ရှေ့နေ ပြောပါတယ်။

တကယ်တော့ အရင်ကလည်း ဖားကန့်ဘက်မှာ အလားတူ ယုဇန ကုမ္ပဏီက လယ်လုပ်သူ တောင်သူတွေဆီကနေ လယ်ယာမြေတွေ သိမ်းယူခဲ့ဖူးပြီး သူတို့ ပေးတဲ့ နစ်နာကြေး ပမာဏဟာ နည်းတဲအတွက် တောင်သူတွေက သဘောတူ ကြေးအေးတာမျိုး မရှိခဲ့ပါဘူး။

ခုအမှုမှာ အသိမ်းခံထားရတဲ့ မြေတွေ ပြန်ရဖို့ မျှော်လင့်တယ်လို့ ရှေ့နေ ဦးကျော်စိုးလင်းက ပြောပြီး တောင်းသလောက် နစ်နာကြေး မရရင် အထက်ထိ ရသလောက် တက်တောင်းဆိုမယ်လို့ ပြောပါတယ်။

စီးပွားရေး ကုမ္ပဏီတွေက မြေလွတ် မြေရိုင်းတွေတင် မက လယ်ယာ လုပ်ငန်း လုပ်ကိုင် နေတဲ့ တောင်သူတွေရဲ့ လယ်မြေတွေကိုပါ ဓာတ်ပုံ ရိုက်ပြီး သိမ်းယူနေတာ ဖြစ်တယ်လို့ ရှေ့နေ ဦးကျော်စိုးလင်းက ပြောပြပါတယ်။

ဒီအတွက် ယုဇန ကုမ္ပဏီကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဘာမှ တုန့်ပြန် ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

ဒီအတော အတွင်းမှာ အလားတူ တောင်သူတွေ လယ်မြေ အသိမ်းခံရတဲ့ အဖြစ်အပျက် တွေကို ကူညီ ဆောင်ရွက်ပေးနေတဲ့ ဖားကန့်မြို့နယ်က အမျိုးသား ဒီမိုကရေစီ အင်အားစု ကိုယ်စားလှယ် ဒေါ်ဘောက်ဂျာကို အာဏာပိုင်တွေက ဖမ်းဝရမ်း ထုတ်လိုက်တဲ့ သတင်းတွေ ရရှိပါတယ်။