စိတ်ကြွဆေးတိုက်ပြီး စစ်ကြောတာ ဥပဒေနဲ့ မညီ

  • 20 ဇန်နဝါရီ 2011

မြန်မာ နိုင်ငံ မှာ နိုင်ငံရေး အမှု နဲ့ ဖမ်းဆီးခံရသူတွေကို အာဏာပိုင် တွေက စစ်ဆေးတဲ့ အခါ Amphetamines လို ပင်ကိုယ် စိတ်ရင်းကို ပြောင်းလဲ သွားစေ နိုင်တဲ့ စိတ်ကြွ ဆေး မျိုး တိုက်ပြီး စစ်ဆေး တယ်လို့ သံသယ ရှိစရာ ဖြစ်ရပ် တချို့ ရှိတဲ့ အကြောင်း ထင်ရှားတဲ့ မြန်မာ နိုင်ငံက ဥပဒေ အတိုင်ပင်ခံ ရှေ့နေကြီး ဦးအောင်သိန်း က ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

Image caption အကျဉ်းသားတွေ လွှတ်ခဲ့ တိုင်း နိုင်ငံရေး အ ကျဉ်း သား မိသား စုတွေ မျှော်လင့် ခဲ့ကြ

လောလော ဆယ် အမှု သုံးမှုနဲ့ စွဲချက်တင် ခံ ထားရတဲ့ ဦးဇေယျနဲ့ တခြား ကိုယ်တွေ့ အတွေ့ အကြုံ ရှိခဲ့ ဖူးသူ ကာယကံရှင် တွေပြန်ပြောပြ တဲ့ ဖြစ်ရပ် တွေကို အခြေခံပြီး ဦးအောင်သိန်းက အခုလို ပြောဆိုတာပါ။

ဦဇေယျ ခေါ် သားကြီး ဇေယျက သူ့ကို စစ်ကြောရေးမှာ ရက်ပေါင်း နှစ်ဆယ်လောက် စစ်ဆေး မေးမြန်း ခံခဲ့ရတဲ့ အချိန်မှာ အစား စားချင်စိတ် မရှိလို့ မုန့်ခြောက်နဲ့ ရေလောက် ကိုသာ သောက် နေခဲ့ပေမဲ့ ပင်ပန်း နွမ်းနယ်မှု မခံစားရပဲ လူက လန်းဆန်း တက်ကြွနေတယ်၊ စစ်မေး သမျှ မေးခွန်း တွေကို ချက်ချင်း တုံ့ပြန် မငြင်းနိုင်တော့ပဲ အမေးခံခဲ့ရတဲ့ အချိန်မှာ ခေါင်းညိတ် လက်ခံ လိုက်ရတယ်လို့ ပြောခဲ့တာ ကိုလည်း ဦးအောင်သိန်းက ပြန်ပြော ပါတယ်။

ဒါတွေဟာ သောက်ရေထဲမှာ Amphetamines စိတ်ကြွဆေး တွေ ခတ် ထားတဲ့ အတွက် ဖြစ်တယ်ဆိုတာ နောက်ပိုင်းမှ သူ စဉ်းစား မိတယ်လို့ ဦးဇေယျ ရဲ့ ထင်မြင် ယူဆချက် ကို ဦးအောင်သိန်းက ပြန်ပြောပြ ပါတယ်။

လောလောဆယ် အင်းစိန် ထောင် ထဲမှာ အဖမ်းခံ ထားရတဲ့ ရဲတပ်ဖွဲ့ဝင် ကွန်ပြူတာ ကျွမ်းကျင်သူ ကိုထက်ခိုင် ကလည်း စစ်ကြောရေး ပြုလုပ် စဉ်မှာ အနံ့ အရသာ မရှိတဲ့ Amphetamines စိတ်ကြွဆေးတွေ ကို စစ်ကြော မယ့် သူတွေ လက်ထဲမှာ အဆင်သင့် ထားရှိကြတယ်လို့ ပြောပြတဲ့ အကြောင်း လည်း ဦးဇေယျက ဦးအောင်သိန်း ကို ပြန် ပြော ပါတယ်။

တရားမဝင် မူးယစ် ဆေးဝါးတွေကို အသုံးပြုပြီး မူရင်း စိတ်ကို ပြောင်းလဲ သွားအောင် လုပ်တဲ့ စစ်ဆေးမှုကနေ ရရှိတဲ့ အချက်အလက်တွေကို စစ်မေးချက်တွေကို တရားရုံးမှာ သက်သေ အဖြစ် တင်ပြမှု စတာ တွေဟာ မလုပ် သင့်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ ရှေ့နေကြီး ဦးအောင်သိန်းက ပြောဆို ပါတယ်။