ပါလီမန်သွားမယ့် စစ်တပ်အမတ်စာရင်း ထွက်လာ

  • 21 ဇန်နဝါရီ 2011
Burma Army
Image caption ပါလီမန်ထဲမှာ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်

မြန်မာနိုင်ငံရဲ့ လွှတ်တော် အသီးသီးမှာ စစ်တပ်က ပါဝင်မယ့် ကိုယ်စားလှယ် အမည်စာရင်းကို ဒီကနေ့ထုတ် အစိုးရသတင်းစာတွေထဲမှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်အတွက် စစ်တပ်ကိုယ်စားလှယ် ၁၁၀ ရှိတဲ့ အထဲမှာ ဗိုလ်မှူးကြီး အဆင့် ၃ ဦးနဲ့ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ် ၅၆ ဦးထဲမှာ ဗိုလ်မှူးကြီး ၂ ဦးသာပါဝင်ပြီး ကျန်အရာရှိတွေဟာ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်တွေ ဖြစ်ကြပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေမှာလည်း ကရင်ပြည်နယ် တစ်ခုမှာသာ ဗိုလ်မှူးချုပ်အဆင့်ရှိသူ ပြည်နယ်ဥက္ကဌ ဗိုလ်မှုးချုပ်ဇော်မင်း ၁ ဦးသာပါဝင်ပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ ဗိုလ်မှူးကြီး တစ်ဦးစီ ပါတာကလွဲလို့ ကျန်တဲ့ အရာရှိတွေဟာ အသက် ၃၀ နဲ့ ၄၀ အရွယ်ရှိတဲ့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီး အဆင့်တွေ ဖြစ်ကြပါတယ်။

စစ်ဗိုလ်ကိုယ်စားလှယ်တွေ အတွေ့အကြုံမရှိသေး

မကြာသေးခင်ကာလကပဲ ပြည်ပကို ထွက်ခွါလာခဲ့တဲ့ ဗိုလ်မှူးဟောင်းမြတ်နိုးက ဒီစာရင်းမှာပါဝင်တဲ့ စစ်တပ်ကိုယ်စားလှယ်တွေဟာ ဥပဒေနဲ့ပတ်သက်ပြီး ဆွေးနွေးနိုင်တဲ့ အနေအထားလုံးဝ မရှိဘူးလို့ သူမြင်တဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒီအရာရှိတွေထဲမှာ လူထုနဲ့ ပိုပြီး နီးစပ်နိုင်တဲ့ အရာရှိငယ်တွေ ပါဝင်နေတာတော့ ရှိတဲ့အကြောင်း ဒါပေမယ့်လည်း ပြည်သူဘက်ကို ရပ်တည်တဲ့ ဆုံးဖြတ်ချက်မျိုး မလုပ်နိုင်အောင် အပေါ်ကနေ ထိန်းထားမှာ ဖြစ်ပြီး သူတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်နိုင်တဲ့ အနေအထား မရှိဘူးလို့ပဲ ဗိုလ်မှူးဟောင်း မြတ်နိုးက ပြောပါတယ်။

ရုရှားမှာ စစ်ပညာသင်ယူခဲ့ပြီး နောက်ပိုင်း ပြည်ပကိုထွက်ခွာလာခဲ့တဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းကလည်း ဒီစစ်တပ်ကိုယ်စားလှယ် အရာရှိတွေဟာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံ မရှိတဲ့သူတွေ ဖြစ်တယ်လို့ ပြောနိုင်တဲ့ အကြောင်းနဲ့ ပညာတတ်အရာရှိငယ်တွေဟာ လေ့လာရင် နိုင်ငံရေး နားလည်နိုင်စရာရှိပေမယ့် ဗိုလ်ချုပ်အဆင့် အရာရှိတွေတောင် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် မလုပ်နိုင်ကြဘူးလို့ ဘီဘီစီကိုပြောပါတယ်။

စစ်တပ် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေထဲက NDF ပါတီ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာ မြတ်ဉာဏစိုးကတော့ ဒီစစ်တပ် ကိုယ်စားလှယ်အများစုဟာ အသက်အရွယ်အားဖြင့် လူငယ်တွေဖြစ်တာရယ် ဆရာဝန်တွေ အင်ဂျင်နီယာတွေဆိုတဲ့ ပညာတတ် လူငယ်တွေ ပါဝင်နေတာမို့ ဒါဟာ တော်တော်ကြီးမားတဲ့ အပြောင်းအလဲကောင်း တစ်ခုလို့ သူမြင်တဲ့အကြောင်း ဘီဘီစီကိုပြောပါတယ်။

ချင်းအမျိုးသားပါတီ ဥက္ကဌလည်းဖြစ် ချင်းပြည်နယ် လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဦးဇိုဇမ်းကလည်း ချင်းပြည်နယ်အတွက် စစ်တပ်ကိုယ်စားလှယ်ဟာ ချင်းအမျိုးသားဖြစ်ဖို့ မျှော်လင့်ခဲ့တာ ဖြစ်မလာပေမယ့် အခုစစ်ဗိုလ်ကိုယ်စားလှယ်တွေဟာ လူငယ်တွေဖြစ်တဲ့အတွက် အပြန်အလှန်နားလည်မှုရအောင် လုပ်ကိုင်သွားရမှာပါပဲလို့ ဘီဘီစီကို ပြောပါတယ်။