ဓားပြတွေလက်က ကိုရီးယားသင်္ဘော ပြန်ယူ

  • 21 ဇန်နဝါရီ 2011
Commando raid
Image caption ကွန်မန်ဒိုတွေ ဝင်တိုက်ပြီး သင်္ဘောသားတွေကို ကယ်

ဆိုမာလီပင်လယ်ဓားပြတွေ လက်ထဲကနေ မြန်မာသင်္ဘောသား ၁၁ ယောက် ပါတဲ့ ကိုရီးယားကုန်တင်သင်္ဘော Samho Jewelry ကို ကိုရီးယားရေတပ်ကနေ ပြန်ကယ်တင် နိုင်ခဲ့ပါပြီ။

တောင်ကိုရီးယား ရေတပ်အထူးတပ်ဖွဲ့တွေက အရုဏ်မတိုင်ခင်ကတည်းက အာရေဗျပင်လယ်ထဲမှာ ဆိုမာလီ ပင်လယ်ဓားပြတွေ စီးထားတဲ့ ဓာတုဗေဒ ပစ္စည်းတွေ တင်ဆောင်တဲ့ ကိုရီး ယားကုန်တင်သင်္ဘောကို ဝင်သိမ်းပြီး သင်္ဘောသားတွေကို ကယ်တင်လိုက်တာပါ။

အထူးတပ်ဖွဲ့ဝင်တွေက ဒီစစ်ဆင်ရေးဟာ ငါးနာရီကြာခဲ့ပြီး ဆိုမာလီပင်လယ်ဓားပြတွေ ဘက်က ပြန်ပစ်လို့ သင်္ဘောကပ္ပတိန်ကို ထိခိုက်သွားပြီး အသက်တော့စိုးရိမ် စရာ မရှိဘူးလို့ သိရပါတယ်။

ပင်လယ်ဓားပြတွေဘက်က ရှစ်ယောက် သေဆုံးပြီး ၅ ယောက်ကို ဖမ်းမိတယ်လို့ သိရပါတယ်။

ကိုရီးယားနိုင်ငံ သတင်းဌာနတွေက ဒီသတင်းကိုလည်း ဆက် တိုက်ထုတ် လွှင့်ပေးနေခဲ့ပါတယ်။

သင်္ဘောကုမ္ပဏီကို တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံ ရောက် မြန်မာတဦးဖြစ်တဲ့ ကိုဇော်မိုးအောင်ကတော့ သင်္ဘောသားတွေ ကျန်းမာရေး ကောင်းကြကြောင်း၊ သူတို့ကို ဆေးစစ်မှုတွေ လုပ်ပေးနေပြီး တောင်ကိုရီးယားကို ပြန်လာကြမယ်လို့ ယူဆရကြောင်း သိရသမျှကို ပြောပြပါတယ်။

Image caption သင်္ဘောပြန်ပေးဆွဲမှုဟာ ပင်လယ်ဓားပြတွေရဲ့ အဓိက စီးပွားရေးလုပ်ငန်းဖြစ်လာ

ဒီဓာတုဗေဒ ကုန်တင်သင်္ဘောကိုပိုင်တဲ့ ကုမ္ပဏီဟာ ပြီးခဲ့တဲ့ နှစ်လကလည်း လောင်စာဆီတင် သင်္ဘောတစီး အဲဒီ နေရာမှာပဲ ဆိုမာလီပင်လယ်ဓားပြတွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီးပြန်လွတ် ခဲ့ပါသေးတယ်။

အဲဒီတုန်းက ဓားပြတွေက အမေရိကန်ဒေါ်လာ ဆယ်သန်း နီးပါးတောင်းဆိုခဲ့တာပါ။

အာဖရိကအရှေ့ဘက်ပင်လယ်ကမ်းရိုးတန်းမှာ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ ပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲမှုတွေ တိုးပွားလာနေ ပါတယ်။ အခုနောက်ပိုင်းတော့ အမေရိကန်၊ တရုတ်၊ အိန္ဒိယနဲ့ ဥရောပနိုင်ငံ တွေရဲ့ ရေတပ်တွေက အဲဒီဒေသမှာ ကင်းလှည့်စောင့်ကြပ်မှုတွေ ရှိနေကြပါတယ်။