ပဒေါင် တိုင်းရင်းသား တွေ အပေါ် မလျော်တဲ့ အပြုအမူ

  • 22 ဇန်နဝါရီ 2011
kayan
Image caption လည်ပင်း ကို ကြေးကွင်း စွပ်ကြတဲ့ ဓလေ့ က ပဒေါင် တို့ ဆီ မှာ ရှိနေဆဲ

ကယန်း ပဒေါင် တိုင်းရင်းသား တွေအပေါ် မသင့်တော်တဲ့ အပြုအမူ တွေ အတွက် ဝေဘန်မှု တွေ ထွက်ပေါ် နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း က ထုတ်ခဲ့တဲ့ ပြည်တွင်းထုတ် 7 Days ဂျာနယ် မှာ ပဒေါင် တိုင်းရင်းသားတို့ ကို ပုဂံ တွင် ကြည့်ရှု နိုင်ပြီ ဆိုတဲ့ အရေးအသား မျိုး ဟာ ဘယ်လို မှ မသင့်တော် တဲ့ အကြောင်း အများ က ဝေဘန် ကြပါတယ်။

လူသားတွေ ကို ထူးဆန်းတဲ့ သတ္တဝါ လို၊ အရာ၀တ္တု တခု လိုသဘောထားပြီး ကြည့်ရှု ဖို့ လို့ ဆိုတဲ့ ရေးသားမှု မျိုး ဟာ မလိုလား စရာ ဖြစ်တဲ့ အကြောင်း ချင်း အမျိုးသား ပါတီ ဥက္ကဌ ဦးဇိုဇမ် က ဘီဘီစီ ကို ပြောပါတယ်။

စာပေစိစစ် ရေး အနေနဲ့ လည်း အခုလို အရေးအသား မျိုး ကို ဂျာနယ် တွေမှာ ဖော်ပြခွင့် မပေးသင့် ကြောင်း သူ က ဘီဘီစီ ကို ပြော ပါတယ်။

ကိုယ်တိုင် က ပဒေါင်လူမျိုးလည်း ဖြစ်၊ ကယန်း ယဉ်ကျေးမှု နဲ့ ပတ်သက်ပြီး နှံ့စပ်တဲ့ စာရေးဆရာ ကို ပါစကယ် ခူးသွယ် က လည်း ပဒေါင် လူမျိုးတွေ ကို ငွေရ ရေး အတွက် ပဲ ကြည့်ပြီး အဲသလို ပြသ ဖို့ လုပ်ဆောင် မှု ဟာ လူသား သိက္ခာ ကို မလေးစား တဲ့ အပြုအမူ တွေ ဖြစ်တယ် လို့ မှတ်ချက် ပေးပါတယ်။

အခု ကိစ္စ နဲ့ ပတ်သက်လို့ သတင်းရေးရာ မှာဖြစ်စေ၊ ဝင်ငွေရရေး အတွက် နိုင်ငံခြားသား ခရီးသွားတွေကို ဆွဲဆောင် လုပ်ကိုင်ရာမှာ ဖြစ်စေ လူသားဆန်မှု နဲ့ လူ့အခွင့် အရေး ကိစ္စတွေကို ထောက်ရှု သင့်ကြောင်း ပြောဆို သုံးသပ် မှုတွေ လည်း ထွက်ပေါ် နေပါတယ်။