တောင်တွင်းကြီးမှာ ဝမ်းရောဂါ ပျံ့နှံ့နေ

  • 23 ဇန်နဝါရီ 2011
taung twin gyi
Image caption တောင်တွင်းကြီးမြို့ အနောက်တောင်ဒေါင့်မှာ သုဿန်သစ် ပြောင်းတည်ထား

မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ ဝမ်းရောဂါ ပျံ့နှံ့ ဖြစ်ပွားနေပြီး လူနာ ၄၀လောက် ဆေးရုံတက် ကုသနေရတယ်လို့ သိရပါတယ်။

ဓါတ်ခွဲ စမ်းသပ်မှုတွေအရ ဆေးခန်း ရောက်လာတဲ့ လူနာတွေထဲက တချို့မှာ ဝမ်းပျက် ဝမ်းလျှော ရောဂါပိုး ရှိနေတာကို စစ်ဆေးတွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ် ဇွန်လပိုင်းက ရွှေ့ပြောင်း ထားရှိခဲ့တဲ့ သုဿန်သစ်ကြီးတခုနားမှာ ရှိတဲ့ ၅၅၀ ကွက်သစ် လူနေရပ်ကွက်ကနေ အခုလို ဝမ်းရောဂါ တွေ စဖြစ်ပွားခဲ့တာလို့ တောင်တွင်းကြီး မြို့ခံတဦးက ဘီဘီစီကို ပြောပြပါတယ်။

အဲဒီနေရာဟာ မြေမာတဲ့ အတွက် အလောင်းမြှုပ်တဲ့အခါ နက်နက်တူး မမြှုပ် ကြကြောင်း၊ တခါ တောင်တွင်းကြီးမြို့ရဲ့ မိလ္လာ အညစ်အကြေးတွေကိုလည်း အဲဒီနေရာမှာပဲ လာရောက် စွန့်ပစ်လေ့ရှိကြောင်း၊ ပိုဆိုးတာက အဲဒီ သုဿန်သစ် တည်ရာ နေရာဟာ လေညာ အရပ်က ဖြစ်နေပြီး လေတို့၊ ရေတို့ဟာ အဲဒီ သုဿန်ကို ဖြတ်ပြီးမှ ရပ်ကွက်ထဲကို စီးဆင်းလာတာ ဖြစ်ကြောင်း အဲဒီ မြို့ခံက ပြောပါတယ်။

အဲဒီ ရပ်ကွက်မှာ နေထိုင်သူတွေအနေနဲ့ လေတိုက်တိုင်း အနံ့ဆိုးတွေရနေပြီး ကျန်းမာရေး ထိခိုက်နေတာ အတော်ကြာနေပြီလို့လည်း ဆိုပါတယ်။

ရပ်ကွက်ပြည်သူတွေက သုဿန် ရွှေ့ပေးဖို့ အရင်က တောင်းဆိုခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

၁၉၈၁ခုနှစ် တောင်တွင်းကြီးမြို့ အကြီးအကျယ် မီးလောင်ခဲ့အပြီးမှာ လူနေရပ်ကွက်သစ် အဖြစ် အဲဒီ ၅၅၀ ကွက်သစ်ကို တည်ခဲ့တာဖြစ်ပါတယ်။