ချင်းပြည်နယ်မှာ စားနပ်ရိက္ခာအခက်ကြုံ

  • 24 ဇန်နဝါရီ 2011
Rats
Image caption ကြွက်တွေက သီးနှံအားလုံးကို ဖျက်ဆီး

ချင်းပြည်နယ် အတွင်းက လယ်ယာတွေမှာ နှိမ်နင်းလို့ မနိုင်အောင် များပြားလှတဲ့ ကြွက်တွေ ဖျက်ဆီးခဲ့တဲ့အတွက် စားနပ် ရိက္ခာ ရှားပါးမှုနဲ့ ကြုံနေရပြီး အဲဒီ အတွက် အလှုရှင်တချို့က စားနပ်ရိက္ခာတွေ လှူဒါန်း ဝေမျှနေကြပါတယ်။

အဲဒီထဲမှာ NLD လူမှုအထောက်အကူပြုအဖွဲ့က ဆရာ ဖျာပုံနီလုံဦး အပါအဝင် NLD အဖွဲ့ဝင် တချို့ နဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ တစ်သီး ပုဂ္ဂလိက ကိုယ်စားလှယ် အဖြစ် ပြိုင်ခဲ့သူ ဒေါက်တာ စောနိုင်တို့ဟာ ချင်းပြည်နယ် ကန်ပက်လက် မှာ ဆန်ဝေဖို့ ရောက်ရှိနေကြပါတယ်။

ဆန်အိတ် ၇၅၀ ကို မြန်မာနိုင်ငံအလယ်ပိုင်းကနေ ဝယ်ယူပြီး ချင်းပြည်နယ်ကို ကားလေးစီး နဲ့ ကန်ပက်လက်မြို့ကို သယ်ယူလာတာပါ။

လောလောဆယ်မှာ ဆန်ဝေဖို့အတွက် အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရဖို့ စောင့်နေတယ်လို့ ဒေါက်တာ စောနိုင်က ပြောပါတယ်။

ဒီတပတ်အတွင်းမှာပဲ နောက်ထပ် ဆန်အိတ် ၅၀၀ ထပ်လှုဖို့ ရှိတယ်လို့လည်း သိရပါတယ်။

NLD က လှူမဲ့ အလှူငွေ စုစုပေါင်းဟာ မြန်မာငွေ သိန်း ၂၀၀ ကျော်ဖိုး ဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ ဝါးပွင့်တွေကြွေ၊ အဲဒီဝါးပွင့်တွေကို ကြွက်တွေက စားပြီး မရေတွက် နိုင်အောင် ကြွက်တွေ ပေါက်ဖွား၊ နောက်ပြီး အဲဒီကြွက်တွေက သီးနှံတွေကို စားသောက် ဖျက်ဆီးလိုက်ကြတာကြောင့် စားနပ်ရိက္ခာတွေ ရှားပါး ပြတ်လတ်နေတာ ဖြစ်ပါတယ်။

ဒါဟာ နှစ် ၅၀ လောက်မှ တစ်ကြိမ်လောက်ပဲ ဖြစ်တတ်တာပါ။

စားစရာ မရှိတဲ့အတွက် လူအများအပြားဟာ ဆန်ပြုတ် ပြုတ်စားတာ၊ သစ်ဥ သစ်ဖုတွေ ၊ ငှက်ပျောအူတွေ ပြုတ်စားတာတွေ တွေ့ရတယ်လို့ ဒေါက်တာ စောနိုင်က ပြောပါတယ်။

ဒီနှစ် ရိတ်သိမ်းရာသီမှာ သီးနှံတွေ ဆုံးရှုံးခဲ့တဲ့အတွက် အခုလာမယ့် တစ်နှစ်အတွင်းမှာ အကူအညီ အလုံအလောက်မရရင် စားနပ်ရိက္ခာ အခက်အခဲ အများကြီး ကြုံနိုင်တယ်လို့ ကန်ပက်လက်မြို့က NLD ဥက္ကဌ ဦးစံခင်ကလည်း ဘီဘီစီကို ပြောပါတယ်။

ချင်းပြည်နယ် မြောက်ပိုင်းမှာလည်း NLD အပါအဝင် ဇိုမီး အမျိုးသား ကွန်ဂရက် နဲ့ ဒီမိုကရက်ပါတီ (မြန်မာ) က အဖွဲ့ဝင်တွေဟာ ဆန်နဲ့ သောက်ရေ ဝေဖို့ ရောက်နေကြတယ်လို့ သိရပါတယ်။