စားနပ်ရိက္ခာ ပြဿနာ အမြန်ဆုံး ဖြေရှင်းဖို့လို

  • 24 ဇန်နဝါရီ 2011
Image caption အနာဂါတ် မျိုးဆက်တွေအတွက် စားနပ်ရိက္ခာ တွေ တိုးထုတ်ဖို့ လိုနေ

ဗြိတိသျှ အစိုးရ ဦးဆောင်ပြုလုပ်တဲ့ စားနပ်ရိက္ခာ ထုတ်လုပ်မှု ဆိုင်ရာ အစီရင်ခံစာထဲမှာ ကမ္ဘာတဝှမ်း အငတ်ဘေး အန္တရာယ်ကို ရှောင်ရှားနိုင်ရေးအတွက် ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ အမြန်ဆုံး လုပ်ဖို့ လိုအပ်နေပြီလို့ ဖေါ်ပြထားပါတယ်။

တိုးပွားလာတဲ့ ကမ္ဘာ့ လူဦးရေ အတွက် စားနပ်ရိက္ခာ ထုတ်လုပ်မှုကို လာမဲ့ နှစ်ပေါင်း ၄၀ အတွင်း ၂ဆတိုး ထုတ်လုပ်ကောင်း ထုတ်လုပ်ရဖွယ် ရှိတယ်လို့ အဲဒီ အစီရင်ခံစာက ဆိုပါတယ်။

ကမ္ဘာကြီး သာယာဝပြောလာတာနဲ့ အမျှ အစားအသောက်၊ ရေ၊ လောင်စာဆီ စတဲ့ အခြေခံ စားသုံးကုန်တွေ သုံးလိုအားကလည်း ပို များလာနေတာ ဖြစ်ပါတယ်။

ထပ်မံ လိုအပ်လာမဲ့ စားနပ်ရိက္ခာ ၄၀ရာခိုင်နှုန်း၊ သောက်သုံးရေ ၃၀ ရာခိုင်နှုန်း၊ စွမ်းအင် လောင်စာ ၅၀ ရာခိုင်နှုန်း ထပ်စုဆောင်းနိုင်ဖို့အတွက် အချိန် အနှစ် ၂၀ လောက် ရသေးတယ် လို့ ပြောနေကြပေမဲ့ တကယ်တမ်းမှာ ၁၀နှစ်တောင် အချိန်ရမှာ မဟုတ်တဲ့အတွက် စားနပ်ရိက္ခာ ပြတ်လပ်မှု ပြဿနာဟာ အတော့်ကို အရေးပေါ် ကိစ္စ ဖြစ်နေပါပြီလို့ ဒီလေ့လာချက် အစီရင်ခံစာကို ထုတ်ပြန်ခဲ့တဲ့ UK နိုင်ငံ သိပ္ပံရေးရာ အကြံပေးအရာရှိ အကြီးအကဲ Sir John Beddington က ပြောပါတယ်။

ဒီပြဿနာကို ဖြေရှင်းနိုင်ရေး အတွက်ကတော့ ကိုယ့်အတွက် ကိုယ်လောက်ငရုံလောက်ပဲ စဉ်းစား လုပ်ကိုင်တာမျိုး မလုပ်သင့်ပဲ လိုအပ်တဲ့ စားနပ်ရိက္ခာ အခြေခံ ပစ္စည်းတွေ ပိုတိုး ထုတ်လုပ်နိုင်တဲ့ နည်းမျိုးတွေကို ရှာဖွေဖို့လိုကြောင်းနဲ့ ဒီလို ပိုတိုး ထုတ်လုပ်နိုင်ရေးဟာ အဓိက အရေးပါတဲ့ နည်း ဖြစ်ကြောင်း၊ ဒုတိယ အရေးပါတဲ့ အချက်ကတော့ စားနပ်ရိက္ခာ ပစ္စည်းတွေကို သိုလှောင် သိမ်းဆည်းပုံ နည်းလမ်းမကျတာတွေ၊ အခြေခံ အဆောက်အအုံ ဖွဲ့စည်းပုံ ချို့ယွင်းတာတွေ၊ ရောဂါပိုးမွှားဒဏ် ခံစားရမှုတွေ စတာတွေကြောင့် ဖြစ်လာတဲ့ အလဟဿ ပြုန်းတီး ဆုံးရှုံးရမှုတွေကို ရှောင်ကျဉ်သင့်တယ်လို့ Sir John Beddington က ဘီဘီစီကို ပြောပါတယ်။

အခုလို စားနပ် ရိက္ခာ ပြတ်လပ်မှုကို ဖြစ်စေတဲ့ ရာသီဥတု ပြောင်းလဲလာနေမှု ကိစ္စ၊ ကမ္ဘာတဝှမ်း ကြွေးမြီ ကိစ္စတို့လို ဒီလို ကိစ္စရပ်တွေမျိုးကို နိုင်ငံတကာရဲ့ အကူအညီနဲ့ပဲ ဖြေရှင်းနိုင်မယ်လို့ အများက ယူဆနေကြတာပါ။

ဒီလို နိုင်ငံရေးအရ စိန်ခေါ် ဖြေရှင်းရေးဟာ အရေးပါ ထင်ရှားတဲ့ ကိစ္စရပ် ဖြစ်တယ်လို့ အင်္ဂလန်နဲ့ ဝေလနယ် အမျိုးသား လယ်သမားများ သမဂ္ဂရဲ့ သိပ္ပံရေးရာ အကြံပေးမှူး Dr Helen Ferrier က ပြောပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စားနပ်ရိက္ခာ ရှားပါးမှုနဲ့ ပတ်သက်လို့ စိန်ခေါ်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရကြောင်း၊ UK နိုင်ငံအနေနဲ့ စီးပွားရေး သဘောတရားအရ ကြည့်ပြီးတော့ရော တခါ တခြားနိုင်ငံတွေက အကူအညီ ပေးမှာပဲ ဆိုပြီးတော့ပါ ထုတ်လုပ်မှုတွေ လျှော့ချတာမျိုး မလုပ်သင့်ကြောင်း၊ ဒါ့ကြောင့် တခြားနိုင်ငံတွေ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ထုတ်လုပ်မှုတွေ တိုးလာအောင် အကူအညီပေးဖို့နဲ့ ကိုယ့်တနိုင်ငံထဲ မကြည့်ပဲ ကမ္ဘာနဲ့ အဝှမ်း ပူးပေါင်းပြီး ဝိုင်းဝန်း ဖြေရှင်းကြဖို့ လိုအပ်တယ်လို့ Dr Helen Ferrier က ပြောသွားပါတယ်။