အန်အယ်ဒီ အယူခံ အတွက် နှစ်ဘက် လျှောက်ထား

  • 24 ဇန်နဝါရီ 2011

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က တရားဝင် ရပ်တည် နိုင်ရေး အတွက် အထူး အယူခံ လျှောက်ထားခဲ့တဲ့ အမှုကို ဆက်လက် စစ်ဆေးဖို့ သင့်မသင့် ဒီကနေ့ နေပြည်တော်မှာ က ဗဟို တရားရုံးချုပ်မှာ နှစ်ဘက် ရှေ့နေတွေ လျှောက်လဲ ခဲ့ကြပါတယ်။

Image caption အန်အယ်လ်ဒီ ရုံးချုပ်

ပုံမှန်အားဖြင့် တစ်ပတ် အတွင်းမှာ ဆုံးဖြတ်ချက် ချ လေ့ရှိတဲ့အတွက် ဒီအမှုကိုလည်း မကြာခင်မှာ ဆုံးဖြတ်ချက် ချလိမ့်မယ်လို့ ယူဆတဲ့ အကြောင်း အန်အယ်လ်ဒီ ဗဟို ဥပဒေပြု အဖွဲ့ ဒုတိယ ဥက္ကဌ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ တွေ ထွက်ရှိ လာပြီးတဲ့ နောက် အန်အယ်လ်ဒီ ပါတီက ရွေးကောက်ပွဲ ဝင်ဖို့ မှတ်ပုံ မတင် ခဲ့တဲ့ အတွက် နိုင်ငံရေး ပါတီ အဖြစ် ရပ်တည် နိုင်ခွင့် မရှိ တော့ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာ ခဲ့ ပါတယ်။

အန်အယ်လ်ဒီ ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ မှာ ပါဝင်ဖို့ မှတ်ပုံတင်ခြင်း မရှိခဲ့တဲ့ အတွက် တရားဝင်ပါ တီ အဖြစ်ကနေ ပျက်ပြယ်တယ်လို့ ကော်မရှင်က ကြေညာ တာဟာ ဥပဒေနဲ့ မညီဘူးလို့ အန်အယ်လ်ဒီက ပြောပါတယ်။

မြန်မာ အစိုးရ ဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တုန်းက အန်အယ်ဒီ ပါတီ အနိုင်ရ ထားတဲ့ ရလာဒ်ကို အကောင် အထည် ဖော်ပေးဖို့ ပျက်ကွက် နေတာကို ဆောင်ရွက် ပေးဖို့ တရားရုံးရဲ့ ဆုံးဖြတ်ချက် ရအောင် အန်အယ်လ်ဒီက တရားစွဲဆို နေတာ ဖြစ်ပါတယ်။