လယ်လုပ်သူ လယ်ပိုင်ရမယ်လို့ မွန် ပါတီပြော

  • 25 ဇန်နဝါရီ 2011

မကြာခင် ကျင်းပ တော့မယ့် လွှတ်တော်မှာ မွန် ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီက လယ်လုပ် သူတွေ လယ်ပိုင် ဆိုင်ရေး ကိစ္စကို ဥပဒေ မူကြမ်း အဖြစ် အဆိုပြု တင်သွင်း မယ်လို့ ပါတီ ဥက္ကဌ ဦးနိုင်ငွေသိန်း က ပြောပါတယ်။

Image caption မြန်မာ လယ်သမား တွေဟာ လယ်လုပ်ခွင့် သာ ရှိပြီး လယ် ပိုင်ဆိုင် ခွင့် မရှိကြ

လယ်ယာ တွေ ခြံမြေ တွေကို ကုမ္ပဏီ တွေက သိမ်းယူတဲ့ ကိစ္စရပ်တွေက တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ဖြစ်နေ တာမို့ အခု အခြေ အနေ အတိုင်း လယ်သမားတွေ အနေနဲ့ လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့် ရှိရမယ် ဆိုတဲ့ ရပိုင်ခွင့်ထက် မကဘဲ လယ်လုပ်သူ လယ်သမားတွေ လယ် ပိုင်ရမယ် ဆိုတာကို မွန် ဒေသ လုံး ဆိုင်ရာ ပါတီ ရဲ့ လုပ်ငန်းစဉ်မှာ ထည့်သွင်း ထားတယ်လို့ လည်း ဦးနိုင်ငွေသိန်းက ပြောပါတယ်။

အဲဒီလို တင်ပြမှုကို ဖြစ်နိုင်ရင် ပြည်နယ် လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော် စတဲ့ လွှတ်တော် သုံးရပ်စလုံးမှာ တင်လိုတယ်၊ ဒါပေမဲ့ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်မှာ တင်မယ် ဆိုရင် တခြား နိုင်ငံရေး ပါတီ တွေနဲ့ ညှိနှိုင်းဖို့ လိုပြီး၊ ပြည်နယ် လွှတ်တော်မှာ ဆိုရင်တော့ တခြား ပါတီတွေနဲ့ ညှိနှိုင်း စရာ မလိုဘဲ တင်နိုင်မှာ ဖြစ်တယ် လို့လည်း မွန် ဒေသလုံး ဆိုင်ရာ ပါတီ ဥက္ကဌက ပြောပါတယ်။

ကိုယ်စားလှယ် ၃၂ ယောက်နဲ့ ဖွဲ့စည်းမယ့် မွန်ပြည်နယ် လွှတ်တော်မှာ မွန် ဒေသလုံး ဆိုင်ရာ ပါတီက ကိုယ်စားလှယ် ၇ နေရာ ရထားတာ ဖြစ်ပါတယ်။ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော် တို့မှာလည်း နေရာ ၇ နေရာ ရထားပြီး ကရင်ပြည်နယ်မှာ နှစ်ယောက် ရထား တာ ကြောင့် စုစုပေါင်း အမတ် နေရာ ၁၆ နေရာ အနိုင်ရ ထားတာ ဖြစ် ပါတယ်။