ကျဆင်း လာနေတဲ့ လူမှုရေး အကူအညီ

  • 25 ဇန်နဝါရီ 2011
nargis
Image caption နာဂစ် ပြန်လည်ထူထောင်ရေး အကူအညီ လိုအပ် နေဆဲ

မြန်မာနိုင်ငံ ကို အကူအညီ ပေးနေတဲ့ ODA နိုင်ငံရပ်ခြား ဖွံ့ဖြိုးမှုဆိုင်ရာ ထောက်ပံ့မှု ပမာဏ ဟာ သိသိသာသာ ကျဆင်း လာနေတဲ့ အတွက် သဘာဝ ဘေးအန္တရာယ် နဲ့ ကြုံနေ ရတဲ့ ဒေသတွေ မှာ ရေရှည် အကူအညီ ပေးဖို့ အခက်အခဲ တွေ ရှိနေတယ် လို့ ပြောဆို ရင်း အလှူရှင် နိုင်ငံတွေ ဟာ လူမှုရေး အကူအညီ ကို နိုင်ငံရေး ကိစ္စတွေ နဲ့ ခွဲခြားပြီး မြင်သင့် တယ် လို့ မြန်မာနိုင်ငံ အခြေစိုက် ကုလ သမဂ္ဂ လူသားချင်း စာနာမှု အကူအညီ ပေးရေး ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေး အရာရှိ မစ္စတာ ဘီရှိုး ပါရာဂျူလီ က အင်္ဂါနေ့ က ကျင်းပတဲ့ ကုလ သမဂ္ဂ နဲ့ NGO အဖွဲ့အစည်း အသီးသီး က တာဝန် ရှိသူတွေ တွေ့ဆုံ ဆွေးနွေးပွဲ မှာ ပြောဆို လိုက်ပါတယ်။

မုန်တိုင်းသင့် ဒေသတွေ အတွင်း အိမ်ယာ ၂၀၀၀၀ လောက်ဆောက်ပေးဖို့ လိုအပ်နေ သလို တာရိုးတွေ စာသင်ကျောင်းတွေ နဲ့ ပျက်သွားတဲ့ ငါးဖမ်းလှေ တွေကို ပြန်လည် ပြုပြင် အစား ထိုးဖို့ ရှိနေ သေးကြောင်း အဲဒီ တွေ့ဆုံပွဲ မှာ ဆွေးနွေး ခဲ့ကြ ပါတယ်။

မြန်မာ့ အိမ်နီးချင်း ဖြစ်တဲ့ ကမ္ဘောဒီးယား တို့ လာအို တို့ နဲ့ နှိုင်းယှဉ်ကြည့်ရင် သူတို့ လူ တစ်ဦးကို တစ်နှစ်အတွက် ODA နိုင်ငံရပ်ခြား အကူအညီ က ၅၀ ဒေါ်လာ နှုန်း ဝန်းကျင် ရနိုင် ပေမယ့် မြန်မာနိုင်ငံ မှာတော့ နာဂစ် မုန်တိုင်း မတိုင်ခင်တုန်းက တစ်နှစ် အတွက် လူတစ်ဦး က ၄ ဒေါ်လာ လောက်သာ ရပါတယ်လို့ မစ္စတာ ပါရာ ဂျူလီက ပြောပါတယ်။

နာဂစ် အလွန် ၂၀၀၈ ခုနှစ်မှာ ၉ ဒေါ်လာအထိ တက် လာခဲ့ပေမယ့် ၂၀၁၀ ခုနှစ်မှာ လူ တစ်ဦးအတွက် ခန့်မှန်းခြေ တနှစ် ၅ ဒေါ်လာ လောက် သာ ရပါ တော့တယ် လို့ လည်း ပြောပါတယ်။

ဒီလို အကူအညီ တွေ လျှော့ကျလာနေတာဟာ သက်ဆိုင်ရာ အကူအညီ ပေးနေတဲ့ အလှူရှင် နိုင်ငံတွေရဲ့ စီးပွါးရေး ဆိုင်ရာ မူဝါဒတွေ အပေါ်မူတည်နေတဲ့အကြောင်း နဲ့ လူမှုရေး အကူ အညီတွေကို နိုင်ငံရေး ကိစ္စတွေ နဲ့ ခွဲခြား ရှုမြင်သင့်တယ် လို့ မစ္စတာ ပါရာဂျူလီ က ပြောပါတယ်။