ရွေးကောက်ပွဲ တိုင်တန်းမှုတွေ ဆက်ကြားနာ

  • 26 ဇန်နဝါရီ 2011

နေပြည်တော်က ရွေးကောက်ပွဲ ဆိုင်ရာ ခုံရုံးမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အပြန်အလှန် တရား စွဲဆို ကြတဲ့ အမှုတွေကို ဗုဒ္ဓဟူး နေ့က ဆက်လက် ကြားနာ စစ်ဆေး ခဲ့ပါတယ်။

Image caption မြန်မာ နိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသိန်းစိုး

နေပြည်တော်က ရွေးကောက်ပွဲကော်မရှင်ရုံးမှာ အမှု အလိုက် ကြေညာချက် ကပ်ထားတဲ့ စာရွက် စာတမ်းတွေ အရ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အပြန် အလှန် တရားစွဲ နေကြတဲ့အမှု ၃၀ လောက် ရှိပြီး အဲဒီ အထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဘက်က ကိုယ်စား လှယ် တွေ ဘက်က စွဲဆို ထားတဲ့ အမှု တွေက အများစု ဖြစ်ပါတယ်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီဘက်က တက္ကသိုလ် မြတ်သူရဲ့ တရား စွဲဆိုမှုကို ခုခံ ချေပဖို့ နေပြည်တော်ကို ရောက်လာ ခဲ့တဲ့ NDF ပါတီ ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးရဲ့ ရှေ့နေ ဦးမြင့်သွင်က ပြည်ထောင်စု ကော်မရှင် ရုံးမှာ သူတွေ့ ခဲ့တဲ့ အမှုပေါင်း ၂၉ မှု ရှိပြီး အဲဒီ အမှုတွေထဲမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက တရား စွဲတာပဲ များတယ်လို့ ဆိုပါတယ်။ ရှမ်းပါတီ၊ ရခိုင်ပါတီ၊ တစည ပါတီနဲ့ ဦးသုဝေရဲ့ NDF ပါတီ အပေါ် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက စွဲဆို ထားတာတွေ ဖြစ်တယ်လို့ လည်း ဦးမြင့်သွင်က ဘီဘီစီကို ပြောပါတယ်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကို ပြန်လည် ကန့်ကွက်စာ တင်ထားတဲ့ အမှု အနေနဲ့ ကတော့ ဒီမိုကရက်တစ် ပါတီ ( မြန်မာ) က ဒေါ်ချိုချို ကျော်ငြိမ်းနဲ့ NDF ပါတီက ဒေါ်ဘောက်ဂျာ တို့ တင်ထားတဲ့ အမှု နှစ်မှု ဖြစ်ကြတယ် လို့ ဦးမြင့်သွင်က ပြောပါတယ်။

ကြံ့ခိုင် ဖွံ့ဖြိုးရေးကို တရားစွဲဆို ထားတဲ့ နောက် အမှု ဖြစ်တဲ့ ဘူးသီတောင်မြို့နယ် ပြည်သူ့ လွှတ်တော် နေရာမှာ အနိုင်ရတဲ့ ဦးရွှေမောင်ကို အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမို ကရက်တစ် ပါတီ ဒုတိယဥက္ကဌ ဦးအဘူ တာဟဲက စွဲဆို ထားတဲ့ အမှုကိုလည်း ဗုဒ္ဓဟူးနေ့က ကြားနာ စစ်ဆေးခဲ့တယ်လို့ ဦးမြင့်သွင်က ပြောပါတယ်။