နာဂစ် အလောင်း ကောက်သူတွေ ပြန်လွတ်

  • 26 ဇန်နဝါရီ 2011

မြန်မာ နိုင်ငံမှာ ၂၀၀၈ ခုနှစ် မေလက တိုက်ခတ် ခဲ့တဲ့ နာဂစ် မုန်တိုင်း ဒဏ်ကြောင့် သေဆုံးသွား သူတွေရဲ့ အလောင်း တွေကို ကောက်ယူ မြေမြုပ် သင်္ဂြိုလ်ပေး နေရင်း ထောင်ဒဏ် နှစ် နှစ်စီ အပြစ်ပေး ခံကြရတဲ့ ဒေါက်တာနေဝင်း၊ သံတော်ဆင့် ဂျာနယ် အယ်ဒီတာ ကိုအောင်ကျော်ဆန်း နဲ့ ကိုဖုန်းပြည့်ကြွယ် တို့ဟာ ဗုဒ္ဓဟူးနေ့ ကပဲ နယ်ထောင် တွေကနေ ပြန်လွတ် လာခဲ့ကြ ပါတယ်။

Image caption လပွတ္တာ မြို့နယ်ထဲက ကမ်းစပ်တွေမှာ နာဂစ် ပြီး ကာစ အချိန်က အလောင်း တွေ မျောနေခဲ့

ဒေါက်တာ နေဝင်းက ဘားအံထောင် ကိုဖုန်းပြည့်ကြွယ်က စစ်တွေထောင် နဲ့ ကိုအောင်ကျော်ဆန်းက တောင်ကြီးထောင် တို့ကနေ လွတ်လာကြတာပါ။

သူတို့ဟာ သင်းဖွဲ့ပုဒ်မ ၆ နဲ့ ပြစ်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရ ပေမဲ့ ထောင်ထဲမှာ ၇ လပိုပြီး နေခဲ့ရတယ် လို့ ဒေါက်တာ နေဝင်းက ပြောပါတယ်။

ဘားအံထောင် အတွင်းက အဆောင်တွေဟာ ခိုင်ခန့်မှု မရှိလို့ မကြာခဏ ပြိုကျ တာတွေ ရှိခဲ့ပြီး အန္တရာယ် ကြီးမားတဲ့ အကြောင်းလည်း ဒေါက်တာ နေဝင်းက ဘီဘီစီကို ပြောပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှု အနေနဲ့ ဆိုရင်လည်း လိုတဲ့ ဆေးတွေကို အပြင်က ဝယ်ရပြီး ခွဲစိတ်ကုသမှု အတွက် ကုန်ကျ စရိတ်ကိုလည်း အကျဉ်းသား တွေက ပေးရတယ်၊ နိုင်ငံရေး အကျဉ်းသားတွေ ကျန်းမာရေး မကောင်းကြဘူး လို့ သူက ဆက်ပြောပါတယ်။

ထောင် အာဏာပိုင်တွေက ထောင်ကျ အကျဉ်းသား မဟုတ်သူတွေကို အလုပ် စေခိုင်း တာတွေ ရှိတာ ကိုလည်း ဒေါက်တာ နေဝင်းက ပြောပါတယ်။ သူ့ အနေနဲ့ကတော့ ဒုက္ခရောက်နေကြသူ ပြည်သူတွေ အတွက် လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင် သွားလိုတယ်လို့ ပြောပါတယ်။