ရခိုင်ပြည်နယ်မှာ စားကျက်မြေတွေ သိမ်းခံရ

  • 27 ဇန်နဝါရီ 2011
Image caption ညောင်ပင်လယ်၊ ကျွန်းကြီးနဲ့ ဆားပြင်ကြီး ရွာတွေက စားကျက်မြေတွေ သိမ်းခံရ

ရခိုင်ပြည်နယ် အတွင်းက လယ်သမားတွေ ဘိုးစဉ်ဘောင်ဆက် အသုံးပြုလာတဲ့ စားကျက်မြေတွေကို သက်ဆိုင်ရာက သိမ်းယူပြီး ဒေသအတွင်း စီးပွားရေးသမား တစ်ဦးကို ရောင်းချရာကနေ ကျေးရွာသား တွေနဲ့ အာဏာပိုင်တွေ အကြား ပြဿနာ ဖြစ်ပွားရာကနေ ဖမ်းဆီးတာတွေ အထိ ရှိခဲ့ပါတယ်။

ရသေ့တောင်မြို့နယ် တောင်ပိုင်း မစဲကျွန်းမှာ တည်ရှိတဲ့ ညောင်ပင်လယ်၊ ကျွန်းကြီးနဲ့ ဆားပြင်ကြီး ရွာတွေက ရွာသားတွေဘိုးစဉ် ဘောင်ဆက် အသုံးပြုလာတဲ့ စားကျက်မြေ ၉၉၉ ဧကကို ပြည်နယ် ပယကက သိမ်းယူပြီး ဒေသအတွင်းက ချမ်းသာတဲ့ သူတစ်ဦးကို ရောင်းချလိုက်ရာကနေ ပြဿနာ စတင် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အခုအခါ စားကျက်မြေတွေ အပေါ် နွားတက်ကျောင်းတဲ့ ကျေးရွာသားတစ်ဦးနဲ့ လူငယ် နှစ်ဦးကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါ တယ်။ ခုစားကျက်မြေတွေဟာ ထွန်ယက် စိုက်ပျိုးနိုင်တဲ့ အပြင် ပုဇွန်မွေးမြူရေးကိုလည်း လုပ်ကိုင် နိုင်တာမို့ ဒေသအတွင်းက စီးပွားရေးသမား ဦးစောသန်းမောင်က သိန်းပေါင်း ၁၃၅ သိန်းနဲ့ ၀ယ်ယူလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ခုလိုရောင်းချတဲ့ အပေါ် မကျေနပ်တဲ့အတွက် ကန်ကွက်ခဲ့ကြတဲ့ ညောင်ပင်လယ်ကျေးရွာက လူတချို့ကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးပြီး တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ရွာသားတွေ စုပေါင်း ပိုင်ဆိုင်တဲ့ စားကျက်မြေတွေကို အာဏာပိုင်တွေက သိမ်းယူပြီး ခုလို ရောင်းချလိုက်တဲ့ အတွက် ကျွဲနွားတွေ စားကျက်မရှိ ဖြစ်သွားတဲ့ အပေါ် အထူး မကျေ မနပ် ဖြစ်နေကြတဲ့ ညောင်ပင်လယ် ကျေးရွာသားသားတွေဟာ တုတ်တွေ လေးဂွတွေ ကိုင်ဆောင် ကာ သိမ်းယူထားတဲ့ စားကျက်မြေတွေ အပေါ် နွားတွေကို မောင်းတင်ဖို့ စီစဉ်နေကြတယ် လို့လည်း ဒေသခံ ကျေးရွာသားက ဘီဘီစီကို ပြောပြပါတယ်။