ဇာဂနာ ရွှေရတု မွေးနေ့

  • 27 ဇန်နဝါရီ 2011

စွယ်စုံ အနုပညာရှင် ကိုဇာဂနာရဲ့ အသက် ၅၀ ပြည့် ရွှေရတု မွေးနေ့မှာ သူ့ မိသားစုနဲ့ ပြည်တွင်း ပြည်ပက သူ့ကို ချစ်ခင် ကြသူတွေက သူတို့ တတ်နိုင်တဲ့ နည်းနဲ့ အထိမ်း အမှတ် ပွဲတွေ ကျင်းပကြပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ကိုဇာဂနာရဲ့ ဟာသ ဉာဏ်စွမ်းက ပြည်သူ တွေကို ဘဝ အမောတွေ ပြေစေ တယ်လို့ ဆိုကြ

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကလည်း ကိုဇာဂနာခေါ် ကိုသူရရဲ့ မိသားစုဆီ မွေးနေ့ ဆုတောင်းနဲ့ လက်ဆောင် ပေးပို့ လိုက်သလို အနုပညာ မိတ်ဆွေတွေ ကလည်း ဆုတောင်း မေတ္တာ ပို့ကြတယ်လို့ ကိုဇာဂနာရဲ့ ခယ်မဖြစ်သူ မငြိမ်းက ပြောပါတယ်။

ထိုင်း မြန်မာ နယ်စပ်မှာ တော့ ကိုဇာဂနာ ကို ချစ်ခင် ကြသူတွေရော သူ့ရဲ့ ညီနောင် တပည့်တွေ ဖြစ်ကြတဲ့ သီးလေးသီး အဖွဲ့သား တွေကပါ မွေးနေ့ အထိမ်း အမှတ်တွေ ကျင်းပ ခဲ့ကြပါတယ်။

ချင်းမိုင် မြို့မှာ ကိုဂေါ်ဇီလာ၊ ကိုစိန်သီးနဲ့ မင်းသမီး ခေျာစုမျိုး တို့ အဖွဲ့က ဝမ်ဆိုင်မွန် ဘုန်းကြီးကျောင်းမှာ ကြာသပတေးနေ့ မနက်က ဆွမ်းကပ်ခဲ့ကြ တယ်လို့ ကိုဂေါ်ဇီလာက ပြောပါတယ်။

ပြည်သူ အများရဲ့ ချစ်ခင် လေးစားမှုကို ခံယူထားတဲ့ အနုပညာရှင် ကိုဇာဂနာဟာ ထောင်ဒဏ် ကျခံ ရမယ့်သူမျိုး မဟုတ်ဘူး၊ ပြည်သူတွေရဲ့ အကျိုး အတွက် ကိုယ်ကျိုး စွန်ပြီး အကူအညီပေးခဲ့တဲ့ အတွက် ဆုချ တာသာ ခံရသင့်တဲ့ လူမျိုး ဖြစ်တယ်လို့ လည်း ကိုဂေါ်ဇီလာက ပြောပါတယ်။

သီးလေးသီး အဖွဲ့ကနေ တဆင့် ပေါက်ပွား လာတဲ့ သီးညီနောင် အဖွဲ့ကလည်း ချင်းမိုင်မြို့မှာပဲ ကိုဇာဂနာရဲ့ မွေးနေ့ အထိမ်းအမှတ် အငြိမ့် ဖျော်ဖြေပွဲ တစ်ခု ပြုလုပ်ခဲ့ ပါတယ်။

ကိုဇာဂနာဟာ အုပ်ချုပ်သူ အစိုးရရဲ့ မမှန်ကန်တဲ့ လုပ်ရပ်တွေ ကြောင့် ပြည်သူတွေ နစ်နာ ခံစားကြရတာ တွေကို သူ့ရဲ့ ဟာသ အနု ပညာနဲ့ ရဲရဲတင်းတင်း ဝေဖန် ထောက်ပြ တတ်မှုကြောင့် ပြည်သူ အများရဲ့ အားပေးမှုကို ခံရတယ်လို့ သီးညီနောင် အဖွဲ့က ကို ကြယ်သီးက ဘီဘီစီကို ပြောပါတယ်။

သူ့ရဲ့ ဟာသ ပညာနဲ့ ထုတ်ဖော် ပြောဆိုမှုတွေက ပြည်သူတွေရဲ့ ခံစားချက်တွေနဲ့ တသားတည်း ကျတဲ့ အတွက် ကိုဇာဂနာကို ပြည်သူ အများက ချစ်ခင် ကြတယ် လို့လည်း ကိုကြယ်သီးက ဆက်ပြောပါတယ်။

မဲဆောက်မှာ တော့ အမျိုးသမီးများ အရေး ကူညီပေးနေတဲ့ SAW အဖွဲ့က ဦးဆောင်ပြီး ကိုဇာဂနာရဲ့ မွေးနေ့ ပွဲ ကျင်းပခဲ့ကြ တယ်လို့ သိရပါတယ်။

ကိုဇာဂနာဟာ လောလောဆယ် မြစ်ကြီးနား ထောင်မှာ ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူ ဖြစ်ပါတယ်။

ဇနီးနဲ့ သားသမီးတွေက လွဲရင် ကျန်သူတွေ ထောင်ဝင်စာ တွေ့ခွင့် မရှိဘူး ဆိုတဲ့ ထောင်အာဏာပိုင်တွေရဲ့ ကန့်သတ်ချက်ကြောင့် ကိုဇာဂနာဟာ ၂၀၁၀ ခုနှစ် မေလ ကတည်းက မိသားစုဝင် တွေနဲ့ တွေ့ဆုံခွင့် မရ ခဲ့တာ အခု ချိန် အထိ ဖြစ်ပါတယ်။