NLD တရားဝင်ခွင့်အမှု ဗဟို တရားရုံးချုပ် ပယ်ချ

  • 28 ဇန်နဝါရီ 2011
NLD
Image caption NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင် တာ ၂၂နှစ် ရှိသွားပြီ

NLD ပါတီ တရားဝင် ရပ်တည်ခွင့်နဲ့ ပတ်သက်လို့ အထူး အယူခံမှုကို ကြားနာပေးဖို့ နေပြည်တော် ဗဟို တရားရုံးချုပ်မှာ လျှောက်ထားတဲ့ အမှုကို တရားရုံးက ပယ်ချလိုက်ပါတယ်။

ဒီအမှုမှာ အရေးယူလောက်တဲ့ ဥပဒေ ပြဿနာ ၅ရပ် ရှိတယ် ဆိုတာကို တင်ပြပြီး အထူး အယူခံခွင့်ပေးဖို့ NLDက လျှောက်ထားခဲ့ရာမှာ အခု တရားသူကြီးက ဒီပြဿနာတွေ မရှိဘူး ဆိုပြီး ပယ်ချလိုက်တာ ဖြစ်တယ်လို့ NLD ရှေ့နေ ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပြပါတယ်။

တရားရုံးချုပ် ထုံးစံအားဖြင့် ဒီလိုအမှုတွေမှာ တရားရုံးက အရင်ဆုံးဖြတ်ပြီးမှ သူတို့ ဘယ်လို ဆုံးဖြတ်တယ် ဆိုတာ သက်ဆိုင်သူတွေကို အကြောင်းကြားလေ့ ရှိပေမဲ့ ဒီအမှုမှာတော့ NLD ရှေ့နေတွေကို နေပြည်တော်ကို ဆင့်ခေါ်ပြီး တရားရုံး ဆုံးဖြတ်ချက်ကို ဖတ်ပြခဲ့တာပါ။

ဥပဒေ လမ်းကြောင်းအရတော့ အယူခံခွင့် အခွင့်အရေးက လမ်းဆုံးသွားပြီ ဖြစ်ပါတယ်။

ဒီအမှုအတွက် အယူခံ အခွင့်အရေး မဟုတ်တဲ့ ချွင်းချက် အာဏာတွေ နိုင်ငံတော် တရားသူကြီးချုပ်မှာ ရှိပေမဲ့ သူတို့အနေနဲ့ နိုင်ငံတော် တရားသူကြီးချုပ်ထံ အယူခံခွင့် လျှောက်မှာ မဟုတ်တော့ဘူးလို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

NLD ပါတီ တရားဝင်ခွင့် နဲ့ ပတ်သက်ပြီး ယှဉ်ပြိုင်ရာမှာ ဥပဒေ ပြဿနာ ရှိမရှိ ဆိုတာကို တရားရုံးက အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းနဲ့ တရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ဟာ NLD ပါတီ ရှိ မရှိ ဆိုတာနဲ့ မဆိုင်ကြောင်း ဦးဉာဏ်ဝင်း က ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဖို့ ဆုံးဖြတ်ပြီး ရွေးကောက်ပွဲ ကော်မရှင်မှာ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံမတင်ခဲ့တဲ့အတွက် ရွေးကောက်ပွဲ နည်းဥပဒေတွေအရ NLD ဟာ တရားဝင် နိုင်ငံရေး ပါတီအဖြစ် ဆက်ရပ်တည်ခွင့် မရတော့သလို ဖြစ်သွားတဲ့အတွက် NLD က အစိုးရကို တရားစွဲဆို ထားခဲ့တာ ဖြစ်ပါတယ်။