Davos စီးပွားရေး ဖိုရမ် ဒေါ်စု မိန့်ခွန်းပါး

  • 29 ဇန်နဝါရီ 2011
Aung San Suu Kyi ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဒါ့ဗော့စ စီးပွားရေး ဖိုရမ် အတွက် ဒေါ်စု မိန့်ခွန်းပါး

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားရေး၊ လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကမ္ဘာ့ စီးပွားရေး ခေါင်းဆောင်တွေ ဝိုင်းဝန်း လုပ်ဆောင် ပေးဖို့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ဆွတ်ဇာလန် နိုင်ငံ ဒါးဗော့စက ကမ္ဘာ့ စီးပွားရေး ဖိုရမ်ကို တက်ရောက်လာ သူတွေကို ပန်ကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်အောင် လူငယ် လူရွယ်တွေကြား စွန့်ဦး တီထွင်စိတ် တိုးပွား လာအောင် ပညာရေး၊ ကျန်းမာရေး အပါအဝင် အခြေခံ အဆောက်အဦ တွေမှာ ရင်းနှီးမြှတ်နှံမှုတွေ လိုအပ်တယ်လို့ ငါးမိနစ်ကြာ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဒီရင်းနှီး မြှတ်နှံမှုတွေ အပြင် ပြည်ပက တိုက်ရိုက် ရင်းနှီး မြှတ်နှံမှုတွေ စွဲဆောင်နိုင်အောင် ဥပဒေ စိုးမိုးမှုကို အာမခံနိုင်မဲ့ တရားစီရင်ရေး စနစ်မှာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး မလုပ်နိုင်ရင်၊ နိုင်ငံရေး တည်ငြိမ်မှု မရှိရင် ပွင့်လင်း မြင်သာရှိမှု၊ တာဝန်ခံမှု၊ သိက္ခာရှိမှု၊ မှန်မှန်ကန်ကန် လုပ်မှုတွေဆိုတာ စိတ်ကူးယဉ် အိပ်မက်သာသာ ရှိမယ်၊ လူမှုရေး စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဆိုတာ အိပ်မက် သာသာဘဲ ရှိမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

နောက်ပြီး မြန်မာနိုင်ငံမှာ လောလောဆယ် ရင်းနှီးမြှတ်နှံမှု လုပ်နေသူတွေ၊ ဒါမှမဟုတ် လုပ်ဖို့ စဉ်းစားနေသူတွေကိုလည်း ဥပဒေကို လေးစားလိုက်နာမှုကို အလေးထားဖို့၊ မြန်မာ့ လူ့အဖွဲ့အစည်းနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားဖို့၊ အလုပ်အကိုင် ဖန်တီးနိုင်မှုနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို လေးစားဖို့၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို မျှဝေ မြှင့်တင်ဖို့လည်း ပန်ကြားချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

မနေ့ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေး ပါတီ အဖြစ်ကနေ ဖျက်သိမ်းမှု အယူခံကို တရားရုံးချုပ်က ပယ်ချခဲ့မှုဟာ အင်မတန်မှ စိတ်ပျက်စရာ ကောင်းတယ်လို့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

အင်အယ်လဒီက ၂၀၁၀ ရွေးကောက်ပွဲကို ဝင်မပြိုင်တဲ့ အတွက် ရွေးကောက်ပွဲ ဥပေဒအရ အင်အယ်လဒီဟာ နိုင်ငံရေး ပါတီအဖြစ် ရပ်တည်ခွင့် မရှိတော့ပါဘူး။

ဒါကို အင်အယ်ဒီက တရားရုံးချုပ်ကို အယူခံဝင်ခဲ့ပြီး ပယ်ချ ခံခဲ့ရပါတယ်။