လွှတ်တော်မှာ သတင်းသမားတွေ သတင်းယူခွင့်ရဖို့ မသေချာ

  • 29 ဇန်နဝါရီ 2011
ဓာတ်ပုံ မူပိုင် AP
Image caption ပါလီမာန် လွှတ်တော် အစည်းအဝေးတွေ တနင်္လာနေ့ မှာ စ ကျင်းပဖို့ရှိ

မြန်မာနိုင်ငံမှာ ပါလီမာန် လွှတ်တော် အစည်းအဝေးတွေ ကျင်းပဖို့ အချိန် တရက်ပဲ လိုတော့ပေမယ့် လွှတ်တော် အစည်းအဝေး အကြောင်း သတင်းယူခွင့် ရ မရ ဆိုတာကို သတင်းနဲ့ စာနယ်ဇင်းသမား တွေ ခုချိန်ထိ မသိသေးပဲ ရှိနေပါတယ်။

ခုချိန်ထိ သက်ဆိုင်ရာ အာဏာပိုင်တွေဖက်က အကြောင်းပြန်တာမျိုး မရှိသေးတဲ့ အတွက် ပြည်တွင်း ပြည်ပ သတင်း သမားတွေအနေနဲ့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် သတင်းသွားယူကြဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

နာမည်ကြီး သတင်းဂျာနယ် တခုဖြစ်တဲ့ လျှပ်တစ်ပြက် ဂျာနယ်ကတော့ လွှတ်တော် အစည်းအဝေး သတင်းယူဖို့ တာဝန်ခံ အယ်ဒီတာ တဦးကို နေပြည်တော်ကို ကိုယ့်အစီအစဉ် နဲ့ ကိုယ် လွှတ်ဖို့ စီစဉ်ထားတယ်လို့ ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံခြား သတင်းထောက်တွေလည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ် သွားဖို့ ရှိတယ်လို့ သိရပါတယ်။

လွှတ်တော် အစည်းအဝေး ခန်းမထဲ ဝင် သတင်း ယူခွင့် ရ မရ မသေချာတာမို့ လွှတ်တော် အမတ်တွေ တည်းခိုတဲ့ သတ်မှတ်ထားရာ နေရာတွေမှာပဲ သွားရောက် သတင်း ယူရမယ်လို့ ယူဆရကြောင်း ဦးမြတ်ခိုင်က ပြောပါတယ်။

အဲဒီက ရတဲ့ သတင်းတွေကို စာနယ်ဇင်းတွေမှာ လွတ်လွတ်လပ်လပ် ပြန်လည် ဖေါ်ပြခွင့် ရ မရ ဆိုတာကတော့ စာပေ စိစစ်ရေး တင်ပြီးမှသာ သိနိုင်မှာ ဖြစ်ကြောင်းနဲ့ အဲဒီလို ဖေါ်ပြခွင့် မရရင်တော့ Facebook လို နေရာမျိုးတွေကနေ ဖေါ်ပြကြမဲ့ ပုံမျိုး တွေ့ရတယ်လို့ ဆိုပါတယ်။

ပြည်တွင်းက သတင်းနဲ့ စာနယ်ဇင်းသမားတွေရဲ့ ဘဝဟာ ကြိုးတန်းပေါ် လမ်းလျှောက် နေရသလို ကိုယ့်အသက်ကို ကြံဖန် မွေးနေရတဲ့ အခြေအနေမျိုး ဖြစ်တယ်လို့လည်း အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ပြောပါတယ်။

အခုလို အစိုးရက လုပ်တဲ့ တရားဝင် လွှတ်တော် အစည်းအဝေးကြီးအကြောင်း သတင်းယူခွင့် မပြုသေးတာဟာ အစိုးရက အချိန်မတန်သေးဘူးလို့ ယူဆနေတာ ဖြစ်နိုင်တယ်လို့လည်း သူက ပြောသွားပါတယ်။