လှေစီးရိုဟင်ဂျာတွေကို ထိုင်းက ပင်လယ်ထဲ ပြန်လွှတ်

  • 30 ဇန်နဝါရီ 2011
Image caption လှေက စက်ကိုဖြုတ်ယူပြီး ရွက်တပ်ပေးကာ သူတို့ကို ပင်လယ်ထဲ မောင်းထုတ်လိုက်တာပါ

ရခိုင်ပြည်နယ်ကနေ ထိုင်းနိုင်ငံ ရေပိုင်နက် အတွင်း ပင်လယ်ပြင်ကို ဖြတ်သန်းပြီး လှေစီး ဝင်ရောက် လာတဲ့ ရိုဟင်ဂျာ (၄ဝဝ) ကျော်ကို ပြီးခဲ့တဲ့ ၂၇ ရက် ကြာသာပတေး နေ့က စားသောက်စရာ ဆေဝါးတွေပေးပြီး ထိုင်းအာဏာပိုင်တွေက ပင်လယ်ထဲ ပြန်မောင်းထုတ် လိုက်ပါတယ်။

ရိုဟင်ဂျာတွေစီးလာတဲ့ လှေက စက်ကို ဖြုတ်ယူ လိုက်ပြီး လေကြောင်းနဲ့ သွားလို့ရအောင် လှေကို ရွက်တပ်ပေးလိုက်ကာ၊ ထိုင်းနိုင်ငံနဲ့ အင်ဒို ရေပိုင်နက်ကြား နှစ်သုတ်ခွဲ ပြန်လွှတ် ပေးလိုက် တာ ဖြစ်တယ်လို့ ထိုင်းအရာရှိတဦးက ဘီဘီစီကိုပြောပါတယ်။

အခုပြန်လွှတ်လိုက်တဲ့ ရိုဟင်ဂျာတွေကို ဒီလ (၁၈)ရက်နဲ့ (၁၉)ရက် နောက်ပိုင်းက ထိုင်း ရေပိုင်နက် ခရိုင်သုံးခုဖြစ်တဲ့ ရနောင်းခရိုင်ကနေ (၁၆ဝ)၊ ထရန်ခရိုင်ကနေ (၂ဝဝ)၊ စတုံ ခရိုင်ကနေ (၆၇) ဦး ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲတဲ့(၂)နှစ်ကျော် ကလဲ ရိုဟင်ဂျာတွေ ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်း ဝင်ရောက်ခဲ့တာကို ပင်လယ်ပြင် ပြန်လွတ်ခဲ့လို့ လူသေဆုံးမှုတွေဖြစ်ခဲ့တာကြောင့် ထိုင်းနိုင်ငံဟာ နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှု ခံခဲ့ရပါတယ်။

အဲဒီအချိန်က ထိုင်းနိုင်ငံ ဘန်ကောက် တာမောအချုပ်မှာ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာ (၄ဝ) လောက် ဟာလဲ မလွတ်မြောက် သေးဘူးလို့ သိရပါတယ်။