ပြည်နယ်နဲ့ တိုင်းလွှတ်တော်တွေမှာလည်း ကြံ့ခိုင်ရေးက ဥက္ကဌလုပ်

  • 31 ဇန်နဝါရီ 2011
Parliament in Rangoon ဓာတ်ပုံ မူပိုင် afp
Image caption ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အဉီ

ပြည်သူ့လွှတ်တော် နဲ့ အမျိုးသား လွှတ်တော်၊ နောက်ပြီး အဲဒီ လွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်ကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး တချိန်ထဲမှာ ပဲ ပြည်နယ်နဲ့ တိုင်း ဒေသကြီး လွှတ်တော်တွေကိုလည်း သက်ဆိုင်ရာ ဒေသတွေမှာ ကျင်းပခဲ့ပါတယ်။

ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်မှာ ဥက္ကဌ နဲ့ ဒုတိယ နေရာတွေကို ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေကပဲ ရယူသွားကြသလို ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေ အားလုံး လိုလို မှာလည်း ကြံ့ခိုင်ရေးပါတီ က ကိုယ်စားလှယ်တွေကပဲ ဥက္ကဌတွေ ဖြစ်လာပါတယ်။

တချို့ဒေသတွေမှာ ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေက ပြိုင်ဖက် မရှိ အရွေးခံရပြီး၊ တိုင်းရင်းသား ပါတီတွေက အမတ်နေရာ တော်တော်များများရတဲ့ လွှတ်တော်တွေမှာ ပြိုင်ဖက် ရှိလာရင်လည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ကိုယ်စားလှယ်တွေရဲ့ မဲ၊ လွှတ်တော်ထဲကို ၂၅ ရာခိုင်နှုန်း အရေအတွက်နဲ့ ရောက်လာတဲ့ တပ်မတော်သားအမတ်တွေရဲ့ မဲတွေနဲ့ အနိုင်ရသွားကြတယ်လို့ သိရပါတယ်။

ပြည်နယ် နဲ့ တိုင်းဝန်ကြီးချုပ်တွေကိုတော့ နိုင်ငံတော်သမ္မတကို တင်မြှောက် ပြီးမှ သမ္မတက ရွေးချယ်ပေးမှာဖြစ်တဲ့ အတွက် ပြည်နယ် နဲ့ တိုင်းလွှတ်တော် အစည်းအဝေးတွေကိုလည်း အဲဒီအပေါ် မူတည်ပြီး ပြန်ကျင်းပမှာဖြစ်ပါတယ်။

မွန်ပြည်နယ် လွှတ်တော်

မွန်ပြည်နယ်လွှတ်တော် ကတော့ မော်လမြိုင်မြို့ ပြည်နယ် အေးချမ်းသာယာရေး ကောင်စီရုံးမှာ ကျင်းပခဲ့ပါတယ်။ အဲဒီမှာ ရှိတဲ့ လွှတ်တော်အမတ် (၃၁) ဦး ထဲက (၇) ဦး က မွန်ဒေသလုံးဆိုင်ရာပါ တီ အမတ်တွေ ဖြစ်ပြီးတော့ (၂) ဦးကတော့ တစည အမတ်တွေ ဖြစ်ပါ တယ်၊၊ လွှတ်တော်ဥက္ကဌကို ရွေးချယ် ရာမှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အဆိုတင်တဲ့ ကိုယ်စားလှယ်နဲ့ မွန်ပါတီက ပြိုင်ဖက် ဖြစ်လာတဲ့အတွက် မဲခွဲ ဆုံးဖြတ်ကြတဲ့အခါ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ကပဲ လွှတ်တော် ဥက္ကဌ နဲ့ ဒုတိယ ဥက္ကဌနေရာတွေ ရသွားပါတယ်။ တစည အမတ်တွေကလည်း ကြံ့ခိုင်ရေးဖက်ကို မဲပေးခဲ့ကြတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ် လွှတ်တော်

ကရင်ပြည်နယ် လွှတ်တော်မှာ အမတ် (၂၃) ဦးအထဲက (၄) ဦးဟာ ဖလုံစဝေါ်ပါတီကဖြစ်ပြီး (၂) ဦးကတော့ ကရင်ပြည်သူ့ပါတီ အမတ်တွေ ဖြစ်ပါ တယ်၊၊ လွှတ်တော် အစည်းအဝေး ကိုတော့ လက်ရှိ ပယကမှုး ဗိုလ်မှုးချုပ် ဇော်မင်းက တာဝန်ယူ ကျင်းပပါတယ်၊၊

လွှတ်တော်ဥက္ကဌ ရာထူးတွေ ကိုတော့ မဲခွဲစရာမလိုဘဲ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေကိုပဲ အတည်ပြုလိုက်တယ်လို့ လွှတ်တော် အစည်းအဝေး ကို တက်ရောက်တဲ့ ဖလုံစဝေါ် ပါတီဥက္ကဌ ဦးအောင်ခင်မြင့်ကပြောပါတယ်၊၊

ရခိုင်ပြည်နယ် လွှတ်တော်

ရခိုင်ပြည်နယ် လွတ်တော်ကို ဒီကနေ့ နံနက် ၈ နာရီ ၅၅ မိနစ်ကို စတင်ကျင်းပခဲ့ပြီး ပထမဆုံး ဒီကနေ့ကျင်းပတဲ့ လွှတ်တော်ရဲ့ သဘာပတိကိုတော့ ကြံ့ခိုင်ရေးပါတီ အမ်းမြို့နယ် အမှတ် (၁) အမတ် ဦးလှမောင်တင်ကို တင်မြောက်ခဲ့ပါတယ်။ လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ စတဲ့ နေရာတွေကို လျှို့ဝှက်မဲ စနစ်နဲ့ ရွေးချယ်ကြတဲ့ အခါမှာလည်း ကြံ့ခိုင်ရေးပါတီကပဲ အားလုံး ရသွားပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ ရခိုင်ပြည်နယ် လွှတ်တော်ကို အမတ်နေရာ ၄၇ ဦးစလုံး စုံစုံညီညီ တက်ရောက်ခဲ့ကြပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အမတ် ၁၈ ဦးမှ အပ ကြံ့ခိုင်ရေးပါတီက အမတ် ၁၃ ဦး၊ စစ်တပ်အမတ် ၁၂ ဦး၊ တစညပါတီက တစ်ဦး၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီက ၂ ဦးနဲ့ လူနည်းစု ချင်းအမျိုးသား အမတ် တစ်ဦး စုစုပေါင်း ၂၉ ဦးက ကြံ့ခိုင်ရေး ပါတီက အမတ်တွေကိုဘဲ မဲပေးခဲ့ကြပါတယ်။

ရှမ်းပြည်နယ် လွှတ်တော်

တောင်ကြီးမြို့ ကျားခေါင်းခန်းမမှာ ပြုလုပ်ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ သဘာပတိနေရာ၊ ဥက္ကဌနေရာနဲ့ ဒုဥက္ကဌ နေရာကို လျှို့ဝှက် မဲပေးစနစ်နဲ့ ရွေးချယ်ခဲ့တာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးပါတီ ကိုယ်စားလှယ် အမတ်တွေကပဲ ဒီသုံးနေရာ စလုံးကို ရသွားကြပါတယ်။ သဘာပတိက တောင်ကြီးက ဦးစိုင်းထွန်းရင်၊ ဥက္ကဌက ကျိုင်းတုံက ဦးစိုင်းလုံးဆိုင် နဲ့ ဒုဥက္ကဌနေရာက လားရှိုးက ဦးစိုင်းခမ်းမတ် တို့ဖြစ်ပါတယ် ။ ရှမ်းပြည်နယ် လွှတ်တော်မှာ တက်ရောက်ခဲ့ကြတဲ့ သူတွေ အားလုံး ၁၄၂ ဦးရှိပြီး အဓိက အများဆုံး အင်အားစုကတော့ ကြံ့ခိုင်ရေးပါတီနဲ့ ကျားဖြူပါတီတွေ ဖြစ်ကြပါတယ်။ အဲဒီထဲမှာ စစ်တပ် ကိုယ်စားလှယ်အရေအတွက်က ၂၅ ရာခိုင်နူန်းရှိတဲ့အတွက် အခုလို မဲခွဲတဲ့ အခါမှာ စစ်တပ်ကိုယ်စားလှယ်က အရေးကြီးတဲ့ ဆုံးဖြတ်ချက် ပေးတဲ့နေရာမှာ ရှိနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။