အန်အဲလ်ဒီ ဆက်လက် ရှင်သန် နေဆဲလို့ ဒေါ်စုပြောကြား

  • 1 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင် lse website
Image caption ဒီဇင်ဘာလက အဲလ်ဂျာဇီးယား ရုပ်သံဌာနနဲ့ လည်း အမေးအဖြေ လုပ်ခဲ့ပါတယ်

မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဟာ ဥပဒေကြောင်းအရ တရားဝင် ရပ်တည်ခွင့် မရပေမယ့်လည်း NLD ဟာ ဆက်လက် ရှင်သန်ရပ်တည်နေတယ်လို့ ကမ္ဘာတလွှားက ဘီဘီစီ သောတရှင်တွေကို ပြောကြား သွားပါတယ်။

ဘီဘီစီကမ္ဘာတလွှားဌာနကြီးရဲ့ World Have Your Say အထူးအစီအစဉ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာတလွှားက သောတရှင်တွေ ပထမဦးဆုံးအကြိမ် တိုက်ရိုက် မေးမြန်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒီမေးမြန်းခန်းမှာ အီဂျစ်နိုင်ငံက နိုင်ငံရေးပြဿနာတွေနဲ့ မြန်မာနိုင်ငံက အရေးတို့ကို ဆွေးနွေး ခဲ့ကြပါတယ်။

သောတရှင်တွေ မေးတဲ့ မေးခွန်းတွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နိုင်ငံရေး ခရီး၊ သူစိတ်ဓါတ်ခွန်အားတွေ ဘယ်လိုရတယ်၊ မြန်မာ့ အတိုက်အခံတွေ အကြား အကွဲအပြဲ တွေရှိနေကြသလား၊ မြန်မာ့ ဒီမိုကရေစီရေး အတွက် အိန္ဒယနဲ့ တရုတ်ရဲ့ အခြေအနေက ဘယ်လိုလဲ ဆိုတဲ့ မေးခွန်းတွေလည်း ပါဝင်ပါတယ်။

နောက်တခါ အခုလောလောဆယ် အီဂျစ်မှာ ဖြစ်နေတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့၊ မြန်မာနိုင်ငံမှာလိုပဲ အာဏာရှင်ကို ဆန့်ကျင်တဲ့ အဖြစ်အပျက်ချင်း တူတယ် ဆိုပြီး အီဂျစ်က သောတရှင်တွေက ဖုန်းဆက်လာကာ စိတ်ဝင်တစား ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင် ကို မေးကြပါတယ်။

သမ္မတမူဘာရက်ကို ဆင်းပေးစေချင်သလား ဆိုတဲ့ မေးခွန်းကိုတော့ အဲဒီကိစ္စဟာ အီဂျစ် ပြည်သူတွေက ဆုံးဖြတ်ရ မှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားပါတယ်။

နောက်ပြီးအီဂျစ်ကပဲ ဆန္ဒပြသူတဦးက ဆန္ဒပြသူတွေကို ဘယ်လို အကြံပေးချင် ဘာသလဲ ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည်က စိတ်ဓါတ်ခိုင်မာဖို့၊ ဇွဲမလျှော့ဖို့နဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို နောက်မဆုတ်တန်း လုပ်သွားဖို့ အကြံပြုခဲ့ပါတယ်။

ဒီကနေ့ နေပြည်တော်မှာ လွှတ်တော်တွေကနေ ဒုတိယ သမ္မတလောင်းတွေ အဆိုပြု ရွေးချယ် လိုက်တဲ့ အထဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နာမည် ပါမလာဘူးလို့ ယူဆရ တာကြောင့် ဒီသတင်းဟာ ကောင်းတဲ့သတင်းလာလို့ မေးလာတာကိုတော့၊ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့မပြောနိုင်ကြောင်း၊ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေဟာ ဘယ်နေရာမျိုးကို ဆက်ယူထားမလဲဆိုတာလည်း မသိနိုင်ကြောင်း၊ တခါ စစ်တပ်အကြီး အကဲ ဘယ်သူ ဖြစ်လာမယ် ဆိုတာဟာလည်း အရေးကြီး ပါတယ်လို့ ဖြေကြားသွားပါတယ်။

အကြောင်းကတော့ စစ်တပ်အကြီးအကဲဟာ သမ္မတထက်မပိုတောင် သမ္မတလောက် အာဏာရှိနေလို့ပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သူ့အနေနဲ့လည်း ပါလီမန်ထဲ မရောက်ပေမယ့် ပါလီမန်ပြင်ပကနေ ဒီမိုကရေစီရေးအတွက် အလုပ်တွေအများကြီးလုပ်နေနိုင်ကြောင်းနဲ့၊ လူငယ်လူရွယ်တွေနဲ့ ဒီမိုကရေစီရေး ကွန်ယက် ကိုလည်း ဖွဲ့စည်းထားနိုင်တဲ့အတွက် အလုပ်တွေ အများကြီးလုပ်လို့ ဖြစ်နေတဲ့ အကြောင်းကို ပြောကြားသွားပါတယ်။