ဒုတိယ သမ္မတလောင်းတွေဟာ ဘယ်သူတွေလဲ

  • 1 ဖေဖော်ဝါရီ 2011

ပြည်သူ့လွှတ်တော် အစုအဖွဲ့က အဆိုပြုရွေးချယ်လိုက်တဲ့ အသက် ၆၆ နှစ် အရွယ် ဝန်ကြီးချုပ် ဦးသိန်းစိန်ဟာ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ယုံကြည် စိတ်ချရသူတစ်ဦး ဖြစ်သလို၊ သူနဲ့ သူ့မိသားစုဝင်တွေဟာ စီးပွားရေးအရ နာမည်မထွက်တဲ့သူ ဖြစ်တယ်လို့ နယ်စပ် အခြေစိုက် NDD ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု သုတေသနဌာနက ကိုစိုင်းမြင့်သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဦးသိန်းစိန်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ယုံကြည် စိတ်ချရသူ တစ်ဦးပါ

ဦးသိန်းစိန်နဲ့ ပြိုင်ဘက် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက အသက် ၆၂ နှစ်အရွယ် စောသိန်းအောင်က လှိုင်းဘွဲမြို့နယ်က ပြည်သူ့ လွှတ်တော်အမတ်ဖြစ်ပါတယ်။ သူဟာ အငြိမ်း စား အထက်တန်း ကျောင်းအုပ်ဖြစ်တယ် လို့ သူတို့ပါတီက ပြည်သူ့လွှတ်တော်အမတ် နော်စေဝါက ပြောပါတယ်။

အမျိုးသားလွှတ်တော် အစုအဖွဲ့က ဒုတိယ သမ္မတလောင်းအဖြစ် ဝင်ရွေးတဲ့ ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီက ရှမ်းလူမျိုး ဒေါက်တာ စိုင်းမောက်ခမ်းဟာ အသက် ၆၁ နှစ်ရှိပြီ ဖြစ်ပါ တယ်။ သူဟာ ရှမ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွက် ဒေသတွင်း အများလေးစားသူဖြစ်တယ်လို့ NDD က ကိုစိုင်းမြင့်သူက ပြောပါတယ်။

သူရဲ့ပြိုင်ဘက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်ဟာ အသက် ၅၄ နှစ် ရှိပြီဖြစ်ပြီး၊ တိရိစ္ဆာန်ဆေးကု ဆရာဝန်တစ်ဦး ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၂ နှစ် အထိ မွေးမြူရေးဌာနမှာ လက်ထောက်ညွှန်ကြားရေးမှူး တာဝန်ထမ်း ဆောင်ခဲ့ ပါတယ်။ တက္ကသိုလ်များ ရခိုင်စာပေ-ယဉ်ကျေးမှု ကော်မီဝင်လည်း ဖြစ်ခဲ့သူပါ။

ဓာတ်ပုံ မူပိုင် bbc
Image caption သီဟသူရ တင်အောင်မြင့်ဦးကတော့ နအဖ အတွင်းရေးမှူး (၁) တာဝန်ယူထားသူပါ

စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့က အမည် တင်သွင်းခံရတယ်ဆိုပြီး သတင်းထွက်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦးကတော့ လက်ရှိ နအဖ စစ်ကောင်စီ အတွင်းရေးမှူး (၁) တာဝန်ယူ ထားသူဖြစ်ပြီး၊ အရင်တုန်းကတော့ စစ်ထောက်ချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ဖူး သူလည်း ဖြစ်ပါတယ်။

ကုန်သွယ်ရေးကောင်စီအဖွဲ့မှာလည်း ရာထူးကြီး ယူထားသူဖြစ်တဲ့အတွက် စီးပွားရေး လုပ်ငန်းတွေ အတွက် သူ့ကို အဓိက ဆက်ဆံနေရတာ ဖြစ်ပါတယ်။ သူ့မိသားစုနဲ့ ဆွေမျိုး သားချင်းတွေဟာလည်း စီးပွားရေးလုပ်ငန်းတွေ အများ အပြား ပိုင်ဆိုင်ထားကြ တယ်လို့ ဆိုပါတယ်။