အီဂျစ် ပြိုင်ဖက် အုပ်စုတွေ ထိပ်တိုက်တွေ့

  • 2 ဖေဖော်ဝါရီ 2011
Egypt ဓာတ်ပုံ မူပိုင် BBC World Service
Image caption ထိပ်တိုက် ရင်ဆိုင်မှုတွေ အတွင်း လူ အတော် များများ ဒဏ်ရာရခဲ့

အီဂျစ်နိုင်ငံ ကိုင်ရို မြို့လယ်မှာ သမ္မတ ဟော့စ်နီ မူဘာရက် ကို ထောက်ခံ အားပေးသူတွေနဲ့ မူဘာရက် နှုတ်ထွက် ပေးဖို့ တောင်းဆို ဆန္ဒပြနေသူတွေ အကြား အကြမ်းဖက် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒါဟာ သမ္မတ မူဘာရက် နှုတ်ထွက်ပေးဖို့ သီတင်း တပတ်ကြာ တောင်းဆို ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့အပြီးမှာ ပြိုင်ဖက် အုပ်စုတွေအကြား ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တဲ့ ထိပ်တိုက် ရင်ဆိုင်မှုကြီး ဖြစ်ပါတယ်။

အစောပိုင်းက သမ္မတ မူဘာရက်ကို ထောက်ခံသူ ထောင်ပေါင်းများစွာဟာ ကိုင်ရိုမြို့ မိုဟန်ဒက်ဆင် ရပ်ကွက်မှာ စုဝေး ရောက်ရှိလာပြီး မူဘာရက်ကို ထောက်ခံ အားပေးတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။

နိုင်ငံကို အနှစ် ၃၀ကျော် အုပ်ချုပ်လာတဲ့ နိုင်ငံ ခေါင်းဆောင် မူဘာရက် သမ္မတ ရာထူးကနေ မဆင်းမဖြစ် ဆင်းပေးရမယ် ဆိုရင် မတည်ငြိမ်မှုတွေ၊ ရုန်းရင်း ဆန်ခတ်မှု တွေ ဖြစ်လာ နိုင်တယ် ဆိုပြီး ကြေးရတတ် စီးပွားရေး လုပ်ငန်းရှင်တွေက ပြည်သူ့ ကဏ္ဍ ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး သူတို့ရဲ့ စိုးရိမ်မှုတွေကို ထုတ်ဖေါ် ပြခဲ့ကြပါတယ်။

အစိုးရ ဆန့်ကျင်သူတွေကို ထိပ်တိုက် တွေ့ဖို့ မူဘာရက်ကို ထောက်ခံအားပေးသူ ထောင်နဲ့ ချီပြီး ကိုင်ရိုမြို့လယ်မှာရှိတဲ့ တာဟီရာ ရင်ပြင်ဆီ ချီတက်လာခဲ့ကြရာမှာ တင်းမာမှုတွေ တိုးပွားလာခဲ့ပါတော့တယ်။

ခဲတွေ၊ ပုလင်းတွေနဲ့ အပြန်အလှန် ပစ်ပေါက်ခဲ့ကြသလို ကုလားအုပ်တကောင်နဲ့ မြင်းတွေ စီးလာသူတွေ နောက်ထပ်ရောက်လာကြပြီး ရင်ပြင်မှာ ရောက်နေတဲ့ အစိုးရ ဆန့်ကျင်သူ တွေကို ဝင်ရိုက်နှက်ခဲ့ရာမှာ လူအတော်များများ ဒဏ်ရာ ရသွားပါတယ်။

စစ်တပ်ကတော့ ဘာမှ ဝင်ရောက် စွက်ဖက် တားဆီးတာမျိုး မရှိပဲ ဒီအတိုင်း လက်ပိုက် ကြည့်နေခဲ့ပါတယ်။

နောက်ပိုင်း သေနတ်သံတွေ ကြားခဲ့အပြီးမှာတော့ ထိပ်တိုက်ရင်ဆိုင်မှုတွေ တဖြည်းဖြည်း အရှိန် လျော့သွားပါတယ်။