ဒေါ်စုက လူငယ်တွေနဲ့ ထပ်တွေ့မယ်

  • 2 ဖေဖော်ဝါရီ 2011

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြည်တွင်းက NLD မဟုတ်တဲ့ တိုင်းနဲ့ ပြည်နယ် အသီးသီးက လူငယ် တွေ တွေ့ဆုံ ဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက် နေ့တို့မှာ ပြုလုပ် ကြဖို့ ရှိပါတယ်။

Image caption ပြန်လွတ်လာ လာ ချင်းတွေ့ရတဲ့ လူငယ်တွေ ရဲ့ စိတ်အား ထက်သန်မှု တွေကို ဒေါ်စု အားရ

ဒေါ်အောင်ဆန်း စုကြည် နေအိမ် အကျယ်ချုပ်ကနေ ပြန်လွတ် လာလာချင်း ပြည်သူတွေရဲ့ အသံတွေကို နားထောင်ချင်တယ်၊ လူငယ်တွေရဲ့ အသံတွေကို ကြားချင်တယ် ဆိုတဲ့ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တွေက သွားရောက် တွေ့ဆုံပြီးတဲ့ နောက်မှာ သူတို့က တဆင့် NLD မဟုတ်တဲ့ လူငယ်တွေကို ချိတ်ဆက် မိခဲ့ ကြတာ လို့ NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

နိုင်ငံ အတွင်း လူမှုရေး၊ နိုင်ငံရေး လုပ်ငန်းတွေမှာ ပါဝင် လုပ်ဆောင် နေကြတဲ့ လူငယ်တွေက လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံလိုတယ်လို့ ပြောလာကြတဲ့ အတွက် အမြန်ဆုံး တွေ့ဖို့ စီစဉ်ပြီး လွန်ခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့တုန်းက လူငယ်တွေနဲ့ ဒေါ်အောင်ဆန်း စုကြည် ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ ကြတာ ဖြစ်ပါတယ်။ အဲဒီတုန်းက လူငယ် ၃၀၀ လောက်က ဒေါ်အောင်ဆန်း စုကြည်ကို လာရောက် တွေ့ဆုံ ခဲ့ကြပါတယ်။

လာမယ့် ဒုတိယနဲ့ တတိယ အကြိမ် မြောက် တွေ့ဆုံမှု တွေမှာတော့ လူငယ် ငါးရာ လောက် ဆွေးနွေး ကြမှာ ဖြစ်ပြီး တစ်ရက်ကို လူငယ် ၂၅၀ စီ ရှိလိမ့်မယ်လို့လည်း သိရပါတယ်။ အဲဒီအခါ ဒေါ်အောင်ဆန်း စုကြည် နဲ့ ပထမ တကြိမ် တွေ့ဆုံ ပြီးသား လူငယ်တွေ မပါကြဘဲ ဆွေးနွေးခွင့် မရကြ သေးသူတွေ နဲ့သာ တွေ့ဆုံ ကြမှာ ဖြစ်တယ်လို့ NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

ပထမ လူငယ် ဆွေးနွေးမှုတွေကနေ ရလဒ်ကောင်းတွေ ပေါ်ထွက်လာခဲ့ပြီး အခု လောလောဆယ် မြင်နေရတဲ့ လူမှုရေး ကွန်ယက်တွေ လူငယ် ကွန်ယက်တွေ ဟာ ပထမ တွေ့ဆုံမှု ကနေ ပေါ်ထွက်လာ တာလို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။

အဲဒါတွေဟာ လူငယ်တွေရဲ့ အမြင်သစ်တွေ အရ ပေါ်ထွက် လာတဲ့ ရလဒ်တွေ ဖြစ်ပြီး လာမယ့် တွေ့ဆုံမှုတွေအရ လူငယ်တွေရဲ့ကွန်ယက် တွေကနေ တဆင့် လူမှု အကျိုးပြု လုပ်ငန်းတွေ မှာ လူငယ်တွေ နောက်ထပ် ပါဝင်မှုအား ပိုကောင်းလာစေဖို့၊ လူငယ် ကွန်ယက်တွေ ပိုမို ကျယ်ပြန့်လာ စေဖို့ ရည်ရွယ်တဲ့ အကြောင်းလည်း ဦးအုန်းကြိုင်က ပြောပါတယ်။