ဦးသိန်းစိန်ကို သမ္မတ ရွေး

  • 4 ဖေဖော်ဝါရီ 2011

မြန်မာနိုင်ငံမှာ ပြည်ထောင်စု လွှတ်တော်က သမ္မတ အဖြစ် လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကို သောကြာနေ့က ရွေးချယ် တင်မြှောက် လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရသစ်ကို ဦးဆောင်ရတော့မယ့် ဦးသိန်းစိန်

ပြည်သူ့ လွှတ်တော် နဲ့ အမျိုးသား လွှတ်တော် လွှတ်တော် နှစ်ရပ်က ရွေးချယ်ထားတဲ့ ဒုတိယ သမ္မတ နှစ်ဦး ရယ် နောက် တပ်မတော်သား ကိုယ်စားလှယ်တွေက တင်မြှောက်ထားတဲ့ ဒုတိယသမ္မတ တစ်ဦးရယ်၊ ဒီ သုံးဦးထဲက သမ္မတကို မဲပေး ရွေးချယ်ကြရမှာ ပြည်သူ့လွှတ်တော်က ရွေးထားတဲ့ ဦးသိန်းစိန်က မဲ အရေအတွက် ၄၀၈ မဲ မဲအများဆုံးနဲ့ သမ္မတ ဖြစ်လာတာပါ။ တပ်မတော် ကိုယ်စားလှယ်တွေ ရွေးထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးကတော့ ၁၇၁ မဲနဲ့ ပထမ ဒုတိယသမ္မတ ဖြစ်လာပြီး၊ အမျိုးသား လွှတ်တော်က တင်မြှောက်တဲ့ ဒေါက်တာ စိုင်းမောက်ခမ်းကတော့ ၇၅ မဲနဲ့ ဒုတိယ ဒုတိယသမ္မတ ဖြစ်လာပါတယ်။

သမ္မတရော ဒုတိယ သမ္မတတွေ အားလုံးဟာ လက်ရှိ နအဖ အစိုးရ အရာရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ ဖြစ်ခဲ့ပါတယ်။

လွှတ်တော်ထဲမှာ အမတ်နေရာ အများစုကြီးကို ကြံ့ခိုင်ရေးပါတီဝင်တွေက လွှမ်းမိုးထားပြီး ထိပ်ဆုံးရာထူးတွေကိုလည်း သူတို့ပါတီဝင်တွေပဲ ရယူထားပေမယ့် ကော်မီတီတွေ ဖွဲ့တဲ့ အခါ တခြားပါတီ ကိုယ်စားလှယ်တွေကို လည်း မျှမျှတတ ပါဝင်ခွင့်ရအောင် လုပ်ဆောင်သွားမယ်လို့ ပြောဆိုမှုတွေ ရှိနေတဲ့ အတွက် မျှော်လင့်ချက် ရှိနေပါတယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လူယုံ လူရင်း တစ်ယောက် လို့ သိရ

ဦးသိန်းစိန် သမ္မတ အရွေးခံရတာကို ကြိုဆိုကြောင်း၊ ဦးသိန်းစိန်ဟာ တည်ကြည်ပြီး အရှုပ်အရှင်း ကင်းသူ တစ်ယောက်ဖြစ်တဲ့ အတွက် ပြည်သူပြည်သားတွေကို မိဘသဖွယ် စောင့်ရှောက်ပြီး ငြိမ်းချမ်းသာယာတဲ့ ပြည်ထောင်စုကြီး ဆီကို ဦးဆောင်ခေါ်ယူသွားမယ်လို့ ယုံကြည်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ရခိုင်ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

တိုင်းရင်းသား ကိုယ်စားလှယ်တွေကလည်း သူ့ကို မဲပေးခဲ့ကြတယ်လို့ ဒေါက်တာအေးမောင်က ဆိုပါတယ်။

ဦးသိန်းစိန်ဟာ နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စိတ်ချ ယုံကြည်ရတဲ့ လူရင်း တစ်ယောက်ဖြစ်တာကြောင့် သူပဲ သမ္မတ ဖြစ်လာမယ်ဆိုတာ အစောကြီးကတည်းက ခန့်မှန်းချက်တွေ ထွက်နေခဲ့ပါတယ်။

လာမယ့် အင်္ဂါနေ့ ဖေဖေါ်ဝါရီလ ၈ ရက်နေ့မှာ သမ္မတက ပြည်ထောင်စုလွှတ်တော်မှာ သူ့ရဲ့ ပထမဆုံးမိန့်ခွန်းပြောမှာ ဖြစ်ပြီး အစိုးရ အဖွဲ့ဝင်တွေလည်း ရွေးချယ် ခန့်အပ်လိမ့်မယ်လို့ ယူဆရပါတယ်။