အာဏာ လွှဲပြောင်းရေး ကာလ ဘယ်လောက် ကြာမလဲ။

  • 5 ဖေဖော်ဝါရီ 2011
Thein Sein ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတထက် ကာကွယ်ရေး ဦးစီးချုပ်က လုပ်ပိုင်ခွင့် အာဏာ ပိုရှိမယ်လို့ သုံးသပ်နေကြ

မြန်မာနိုင်ငံမှာ လက်ရှိ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကို သမ္မတ အဖြစ် ပြည်ထောင်စု လွှတ်တော်က သောကြာနေ့က ရွေးကောက် တင်မြှောက် လိုက်ပြီမို့ အစိုးရသစ် မကြာခင် ပေါ်ပေါက် လာတော့မှာပါ။

လောလောဆယ် အစိုးရသစ် မဖွဲ့ပြီး မချင်းတော့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီက အာဏာကို ဆက်ကိုင်ထားအုံးမှာမို့ ဦးသိန်းစိန်အနေနဲ့ ဝန်ကြီးချုပ် ရာထူးမှာပဲ ဆက်ရှိနေအုံးမှာ ဖြစ်ပါတယ်။

အစိုးရသစ် ဖွဲ့ဖို့ အာဏာ လွှဲပြောင်းပေးရေး အချိန်ကာလကိုတော့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲမှာ အတိအကျ သတ်မှတ် ဖေါ်ပြထားတာမျိုး မရှိပါဘူး။

ဝန်ကြီးချုပ် ဦးသိန်းစိန်ကို သမ္မတအဖြစ် ရွေးကောက် တင်မြှောက် အပြီး တရက်အကြာ စနေနေ့ထုတ် အစိုးရ သတင်းစာတွေရဲ့ မျက်နှာဖုံးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ပုံတွေကို အကျယ်တဝင့် ဖေါ်ပြထားတာဟာ နအဖ အစိုးရက အာဏာကို ဆက်လက် ကိုင်စွဲထားတယ် ဆိုတာကို ပြချင်တဲ့ သဘော ဖြစ်တယ်လို့ ဥပဒေရေးရာ အတိုင်ပင်ခံ ဦးအောင်သိန်းက သုံးသပ်ပါတယ်။

ဒါပေမဲ့ အစိုးရသစ်ကို သမ္မတက ရွေးချယ် ဖွဲ့စည်းပြီးရင် နအဖ အစိုးရ အနေနဲ့ အာဏာ လွှဲပြောင်းရေးကို တစိုက်မတ်မတ် လုပ်သွားနိုင်ဖွယ် ရှိပြီး တလ တန်သည်၊ နှစ်လ တန်သည် ကြာနိုင်ဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။

အရင် ဦးနေဝင်း ခေတ်က သမ္မတ ဦးဆောင်တဲ့ အစိုးရ အဖွဲ့လိုပဲ အခုလည်း ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့က အလားတူ အုပ်ချုပ်သွားမဲ့ ပုံမျိုးရှိနေကြောင်း၊ ဒါပေမဲ့ လုံခြုံရေး ကိစ္စတွေ ပေါ်ပေါက်လာရင်တော့ သမ္မတထက် ကာကွယ်ရေး ဦးစီးချုပ်မှာ လုပ်ပိုင်ခွင့် အာဏာ ပိုရှိမှာ ဖြစ်တယ်လို့ ဦးအောင်သိန်းက သုံးသပ်ပါတယ်။

လာမယ့် အင်္ဂါနေ့ ဖေဖေါ်ဝါရီလ ၈ ရက်နေ့ကျရင် သမ္မတက ပြည်ထောင်စုလွှတ်တော်မှာ ပထမဆုံး မိန့်ခွန်းပြောမှာ ဖြစ်ပြီး အစိုးရ အဖွဲ့ဝင်တွေကိုလည်း ရွေးချယ် ခန့်အပ် လိမ့်မယ်လို့ ယူဆရပါတယ်။