လုံခြုံရေး ကောင်စီသစ်မှာ အာဏာ ပိုရှိလာနိုင်

  • 6 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင်
Image caption အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီသစ် ထဲမှာ စစ်ဗိုလ်အများစု ပါ

မြန်မာနိုင်ငံမှာ လက်ရှိ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကို သမ္မတ အဖြစ် ပြည်ထောင်စု လွှတ်တော်က ရွေးချယ်တင်မြှောက်လိုက်ပါပြီ။

ဒါပေမဲ့ အခု အသစ် ပေါ်ပေါက်လာမဲ့ အစိုးရအဖွဲ့မှာ သမ္မတထက် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီက လုပ်ပိုင်ခွင့်တွေ ပိုရှိမယ်ဆိုတဲ့ ဝေဖန်မှုတွေ လည်း ရှိနေပါတယ်။

အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီမှာ ပါဝင်မဲ့ သမ္မတ၊ ဒုသမ္မတ၊ လွှတ်တော် ဥက္ကဌတွေ အပါအဝင် အဖွဲ့ဝင် အများစုဟာ စစ်သားတွေ ဖြစ်နေတာကို တွေ့ရပြီး ဒီလုံခြုံရေး ကောင်စီအနေနဲ့ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးတွေကို အဓိက ချုပ်ကိုင်သွားမဲ့ ပုံမျိုး ရှိတယ်လို့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လေ့လာ သုံးသပ်နေတဲ့ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ အတွင်းရေးမှူး ဦးအောင်ထူးက ဘီဘီစီကို ပြောပါတယ်။

လွှတ်တော်ထဲမှာ စစ်ဗိုလ် လေးပုံ တပုံ ထည့်သွင်းထားခြင်း၊ လွှတ်တော် ဥက္ကဌတွေကို ကောင်စီမှာ ထည့်သွင်းထားခြင်း၊ သမ္မတ လက်မှတ်ရေးထိုးမှ ဥပဒေ အတည်ဖြစ်ဖို့ ပြဌာန်းထားခြင်းတွေကြောင့် ဥပဒေပြုရေး ကိစ္စရပ်တွေမှာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီက အဓိက လုပ်ဆောင်သွားမယ် ဆိုတာ ပေါ်လွင်နေတယ်လို့ ဆိုပါတယ်။

တရားစီရင်ရေးကဏ္ဍ အရ ကြည့်မယ်ဆိုရင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတက တရားသူကြီးချုပ်တွေကို ခန့်ချင်သလိုခန့်၊ ဖြုတ်ချင်သလို ဖြုတ်နိုင်တဲ့အတွက် လုံခြုံရေး ကောင်စီအနေနဲ့ သမ္မတကနေတဆင့် တရားစီရင်ရေးကို ချုပ်ကိုင်သွားမဲ့ ပုံမျိုး ရှိနေတယ်လို့ ဦးအောင်ထူးက သုံးသပ်ပါတယ်။

လွှတ်တော် ပေါ်ပေါက်လာပေမဲ့ ၁၉၇၅ ခုနစ် နိုင်ငံတော် လုံခြုံရေး ဥပဒေတွေ၊ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများ ဥပဒေ၊ ၂၀၀၄ ခုနှစ် အီလက်ထရောနစ် ဥပဒေ စတဲ့ နိုင်ငံသားတွေရဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို ရုပ်သိမ်းထားတဲ့ ဥပဒေတွေကတော့ ဆက်ရှိနေအုံးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု အသစ် ပေါ်လာမဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ လွှတ်တော်နဲ့ တခြား အုပ်ချုပ်ပုံ ယန္တရားတွေရဲ့ ကျောထောက် နောက်ခံနဲ့ တရားဝင် ပေါ်ပေါက်လာတဲ့ ကောင်စီ အဖွဲ့ကြီးပါလို့ ပြောနိုင်ပြီမို့ လက်ရှိ စစ်ကောင်စီထက် ပို အားကောင်းတဲ့ စစ်ကောင်စီ တရပ်ကို ဖွဲ့စည်း ဖေါ်ဆောင် လိုက်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ အတွင်းရေးမှူး ဦးအောင်ထူးက သုံးသပ်ပါတယ်။