မူဆလင် ညီနောင်များ အဖွဲ့

  • 7 ဖေဖော်ဝါရီ 2011
Muslim Brotherhood ဓာတ်ပုံ မူပိုင် Reuters (audio)
Image caption မူဆလင် ညီနောင် များအဖွဲ့ ဝင် ဆန္ဒ ပြသူများ

အီဂျစ် အစိုးရနဲ့ ဆွေးနွေးခဲ့ကြတဲ့ အတိုက်အခံ ခြောက်ဖွဲ့ထဲမှာ လူငယ် အဖွဲ့တွေနဲ့အတူ လူအများ လေးစားခံရသူ တွေနဲ့ မူဆလင် ညီနောင်များ အဖွဲ့ လည်း ပါဝင်ပါတယ်။ ဒီအဖွဲ့က အစိုးရ ဘက်နဲ့ တွေ့ဆုံတာ ဒီတခါ ပထမဦးဆုံးပါ။

သမ္မတ မူဘာရက် ရာထူးက ဆင်းပေးပြီး၊ ပါလီမန် ဖျက်သိမ်း ရမယ်၊ အရေးပေါ် ဥပဒေရုပ်သိမ်းရမယ်၊ နိုင်ငံရေး အကျဉ်း သားတွေ အားလုံးကို လွှတ်ပေး ရမယ် ဆိုတဲ့ အချက်တွေကို လိုက်လျော မှသာ သူတို့ အနေနဲ့ နောင်ဆွေးနွေးမှု တွေကို ဆက်လက် ပြုလုပ်မယ်လို့ မူဆလင် ညီနောင်များ အဖွဲ့က ပြောနေပါတယ်။

ဒီ Muslim Brotherhood မူဆလင် ညီနောင်များ အဖွဲ့ အကြောင်း ပြောရရင်တော့ ပြောရရင်တော့ ဒီအဖွဲ့ဟာ အီဂျစ်ရဲ့သက်တမ်း အရင့်ဆုံး နဲ့ အကြီးဆုံး မူဆလင် အဖွဲ့ တစ်ခု ဖြစ်ပြီး Hassan al Banna ဆိုသူက ၁၉၂၀ ခုနှစ်က စတင် တည်ထောင် ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုနဲ့ အစ္စလာမ် ဆိုင်ရာ ပရဟိတ လုပ်ငန်းတွေ ပူးပေါင်း ဆောင်ရွက်တဲ့ ဒီအဖွဲ့ရဲ့ လှုပ်ရှားမှုတွေက ကမ္ဘာ တဝန်း အစ္စလာမ်မစ် လှုပ်ရှားမှုတွေ အပေါ် သြဇာ သက်ရောက်မှု ရှိခဲ့ပါတယ်။

မူလက အစ္စလာမ် ဆိုင်ရာ တန်ဖိုးတွေ ကျင့်ဝတ် သိက္ခာ တွေ ပြန့်ပွားအောင် ဆိုတဲ့ ရည်ရွယ် ချက်နဲ့ တည်ထောင်ခဲ့တဲ့ အဲဒီ အဖွဲ့ဟာ နောက် မကြာခင်မှာ ဗြိတိသျှ ကိုလိုနီ ချုပ်ကိုင်မှု ကို တိုက်ပွဲ ဝင်ရေး၊ အနောက် နိုင်ငံများရဲ့ သြဇာ လွှမ်းမိုးမှုကို ရှင်းလင်း ပစ်ရေး စတဲ့ နိုင်ငံရေး လှုပ်ရှား မှုတွေမှာ ပါဝင် ပတ်သက် လာခဲ့ပါတယ်။

၁၉၄၈ ခုနှစ် က ဗြိတိသျှနဲ့ ဂျူး အကျိုးစီးပွားတွေကို တိုက်ခိုက်ခဲ့မှုနဲ့ တရားမဝင် အသင်း အဖြစ် ဖျက်သိမ်းခံခဲ့ရပါတယ်။ သိပ်မကြာခင်မှာဘဲ ဝန်ကြီးချုပ် Mahmoud al Nuqurashi ကို လုပ်ကြံမှုနဲ့ စွပ်စွဲခံခဲ့ရပါတယ်။

တခါ ၁၉၅၄ ခုနှစ်က သမ္မတ Gamal Abdul Nasser ကို လုပ်ကြံဖို့ ကြိုးစား တယ်လို့ ပြစ်တင်ခံခဲ့ရပြီးတဲ့ နောက် အဖွဲ့ ဖျက်သိမ်းခံရတာ၊ ပြစ်တင် ဝေဖန်ခံခဲ့ ကြရတာတွေ၊ အဖွဲ့ဝင်တွေ ထောင်နဲ့ချီပြီး အဖမ်းခံရ ထောင်ချ ခံရ နှိပ်စက် ညှင်းပမ်း ခံရတာတွေ ရှိခဲ့ ပါတယ်။ ဒါပေမဲ့ မူဆလင် ညီနောင်များ အဖွဲ့ဟာ မြေအောက် အဖွဲ့ အစည်း အဖြစ် ဆက်လက် ရှင်သန် ကြီးထွားလာခဲ့ပါတယ်။

၁၉၈၀ ပြည့်လွန် နှစ်တွေ ရောက်တော့ နိုင်ငံရေး ပင်မ ရေစီးကြောင်းထဲကို ပြန်လည် ပါဝင် လာခဲ့ပြန်ပါတယ်။ ခေါင်းဆောင်သစ် တွေက တခြား နိုင်ငံရေး ပါတီတွေနဲ့ မဟာမိတ် ဖွဲ့ပြီး အီဂျစ်ရဲ့ အတိုက်အခံ အင်အားစု ဖြစ်လာခဲ့ပါတယ်။ ၂၀၀၀ ခုနှစ် ရောက်တော့ လွှတ်တော်မှာ နေရာ ၁၇ နေရာ အနိုင်ရခဲ့ပါတယ်။

မူဆလင် ညီနောင်များ အဖွဲ့ကို သမ္မတ မူဘာရက် အစိုးရ အဖွဲ့က နှိပ်ကွပ်မှုတွေ ဆက်လက် ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန္နဝါရီလ ကုန်ပိုင်းက ထောင်သောင်း ချီတဲ့ အီဂျစ် လူမျိုးတွေရဲ့ ဆန္ဒပြ မှုတွေ ဖြစ်လာရတာ ဟာလည်း အတိုက်အခံတွေ အပေါ် အစိုးရဲ့ ဖိနှိပ်မှုတွေကြောင့် ဆိုတဲ့ အကြောင်းက တစ်ခု ပါဝင်ပါတယ်။

အီဂျစ် အစိုးရကတော့ ဒီ ဆန္ဒပြမှုတွေကို မူဆလင် ညီနောင်များ အဖွဲ့က သွေးထိုး လှုံဆော်တာလို့ အပြစ်တင်ပါတယ်။