ပိတ်ဆို့အရေးယူမှု အပေါ် NLD သဘောထား ထုတ်မည်

  • 7 ဖေဖော်ဝါရီ 2011
U Naing Naing ဓာတ်ပုံ မူပိုင် ap
Image caption ပိတ်ဆို့မှုတွေက ရည်ရွယ်ချက် ထိရောက်ပါတယ်လို့ ဦးနိုင်းနိုင်းပြော

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က စစ်အစိုးရ အပေါ် ပိတ်ဆို့ အရေးယူမှု များကို ဆက်လက် ထားရှိသင့်တယ် ဆိုတဲ့ သဘောထား ပါဝင်တဲ့ ကြေငြာချက် တစ်ရပ်ကို ဖေဖေါ်ဝါရီလ ၈ ရက် အင်္ဂါနေ့မှာ ထုတ်ပြန်ဖို့ ရှိနေပါတယ်။

စီးပွားရေး ပညာရှင်တွေ၊ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ပါဝင်တဲ့ အဖွဲ့က ပိတ်ဆို့ အရေးယူမှုတွေရဲ့ ထိရောက်မှု၊ သက်ရောက်မှုတွေကို လေ့လာ သုံးသပ်ခဲ့ ပြီးတဲ့နောက်မှာ အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွေဟာ သာမန်ပြည်သူတွေကို ထိခိုက်မှု အများကြီး မရှိတာ တွေ့ရတယ် လို့လည်း သုံးသပ် ထားပါတယ်။

"ပိတ်ဆို့ အရေးယူမှုတွေကို ချမှတ်ထားတဲ့ နိုင်ငံတွေက သူတို့ရဲ့ ရည်ရွယ်ချက်အတိုင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တိုးတက်မှုကို ဆန်ရှင်တွေက အထောက်အကူ ပြုတယ်လို့ မြင်ပါတယ်" လို့ လေ့လာရေး အဖွဲ့ မှာ ပါဝင်ခဲ့တဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးနိုင်းနိုင်းက ဘီဘီစီ ကို ပြောပါတယ်။

စီးပွားရေး ပညာရှင်တွေရဲ့ ဝေဖန် ရေးသားချက်တွေ၊ ပြင်ပ ပညာရှင်တွေပြုစုတဲ့ စာတန်းတွေကို လေ့လာတယ်၊ စီးပွားရေး နယ်ပယ်မှာ လက်တွေ့ လုပ်ကိုင်နေကြတဲ့ လူတချို့ နဲ့ စီးပွားရေး ဘဏ္ဍာရေး ဌာနက လူတွေကို မေးမြန်းတယ်၊ အဓိက အားဖြင့် တိုင်းသူ ပြည်သား အများစုကြီး ကို ထိခိုက် သလားဆိုတာ လေ့လာခဲ့တယ်လို့ ဦးနိုင်းနိုင်းက ပြောပါတယ်။

စီးပွားရေး ပိတ်ဆို့မှု တွေကြောင့် အထည်ချုပ် စက်ရုံ အလုပ်သမားတွေ အလုပ်ပြုတ်ရတယ်၊ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းတွေ ထိခိုက်ပြီး အလုပ်အကိုင် ဆုံးရှုံးရတယ်ဆိုတဲ့ ပြောဆိုချက်တွေကိုလည်း လေ့လာခဲ့ပါတယ်၊ ဒါပေမယ့် တကယ်တန်း အလုပ်သမားတွေကို ထိခိုက် မှုက အနည်း အကျဉ်းပဲ ရှိတာ တွေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

စီးပွားရေး ပိတ်ဆို့ မှုတွေ ရုပ်သိမ်းပေးမယ် မပေးဘူးဆိုတာကတော့ ချမှတ်ထားတဲ့ သက်ဆိုင်ရာ နိုင်ငံတွေကပဲသူတို့ ရည်မှန်းချက် ဘယ်လောက် ပြည့်မီသလဲ ဆိုတဲ့ အချက်ကို မူတည်ပြီး ဆုံးဖြတ်ကြရမှာ ဖြစ်တယ်လို့ ဦးနိုင်းနိုင်းက ပြောသွားပါတယ်။