သမ္မတက လွှတ်တော်မှာ ဝန်ကြီးဌာနစာရင်း တင်ဖို့ရှိ

  • 7 ဖေဖော်ဝါရီ 2011
Parliament ဓာတ်ပုံ မူပိုင် AP
Image caption နေပြည်တော်က လွှတ်တော်အဆောက်အအုံ

အင်္ဂါနေ့မှာ ပြန်လည်ကျင်းပမယ့် လွှတ်တော် အစည်းအဝေးမှာ သမ္မတကနေ အစိုးရသစ်ဖွဲ့နိုင်ဖို့အတွက် ဝန်ကြီးဌာန စာရင်း တင်သွင်းဖို့ ရှိပါတယ်။

လက်ရှိ နအဖ ဝန်ကြီးချုပ် ဦးသိန်းစိန်ကနေ ဝန်ကြီးဌာနအရေအတွက်စာရင်းကို ပြည်ထောင်စုလွှတ်တော်ဆီ အဆိုတင်သွင်းဖို့ ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဒုတိယ ဥက္ကဌ ဦးစိုင်းဆောင်ဆီက ဘီဘီစီကို ပြောပါတယ်။

လက်ရှိ နအဖ အစိုးရလက်အောက်မှာ ဝန်ကြီးဌာန ၃၃ ခုရှိပြီး အခု သမ္မတသစ် ဦးသိန်းစိန်ကတော့ ဝန်ကြီးဌာနအရေအတွက် တိုးမလား လျော့မလားဆိုတာ အင်္ဂါနေ့ လွှတ်တော်အစည်းအဝေးမှာ သိနိုင်ကြောင်း သူက ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေကိုတော့ စစ်တပ်ကနေ ထိန်းချုပ်မှာ ဖြစ်ပါတယ်။

သမ္မတသစ်က တင်သွင်းမယ့် ဝန်ကြီးဌာနအရေအတွက်ကို ပြည်ထောင်စုလွှတ်တော်မှာ သဘောတူမတူ ဆုံးဖြတ်ကြမှာ ဖြစ်ပေမယ့် သမ္မတဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာ လူများစု ဖြစ်တဲ့အတွက် လွယ်လွယ်ကူကူပဲ အတည်ပြုနိုင်ကြမှာ ဖြစ်တယ်လို့ ဦးစိုင်းဆောင်ဆီက ပြောပါတယ်။

မေးခွန်းများနဲ့ အဆိုများ

ကြံ့ခိုင်ရေးမဟုတ်တဲ့ တခြားပါတီတွေဘက်ကတော့ လောလောဆယ် အစိုးရအဖွဲ့ ဝန်ကြီးဌာနတွေအကြောင်း သိပ်မဆွေးနွေးဖြစ်ပဲ လွှတ်တော်မှာ မေးခွန်းတွေတင်သွင်းဖို့နဲ့ အဆိုတွေ တင်သွင်းဖို့ကို လွှတ်တော်ပြင်ပမှာ အချင်းချင်းတွေ့ဆုံပြီး ဆွေးနွေးဖြစ်ကြတယ်လို့ ဦးစိုင်းဆောင်ဆီက ပြောပါတယ်။

မေးခွန်းနဲ့အဆိုတွေကို လွှတ်တော် ဥက္ကဌတွေဆီကို ဖြစ်ဖြစ်၊ ပြည်ထောင်စုလွှတ်တော် နာယကဆီဖြစ်ဖြစ် တင်သွင်းနိုင်ပြီး အဲဒီကတဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဆီကို ပေးပို့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

SNDP ပါတီရဲ့ မေးခွန်းတွေမှာ စီးပွားရေးအခွင့်အရေး တန်းတူညီမျှဖြစ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်ရေး နဲ့ ပညာရေးကိစ္စတွေ ပါဝင်သလို အဆိုတွေမှာလည်း လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် နဲ့ သန်းခေါင်စာရင်း တိတိကျကျကောက်ယူရေးတွေ ပါဝင်တယ်လို့ သိရပါတယ်။

မေးခွန်းမေးဖို့အတွက် မေးခွန်းတွေကို ၁၀ ရက်ကြိုတင်ရပြီး အဆိုတင်သွင်းဖို့အတွက်တော့ ၁၅ ရက်ကြိုတင်ရပါတယ်။ ဥပဒေကြမ်းတင်သွင်းဖို့အတွက်တော့ တစ်လ ကြိုတင်ပြီးမှ ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။