ဝန်ကြီးဌာန ၃၄ ခုနဲ့ အစိုးရဖွဲ့မယ်

  • 8 ဖေဖော်ဝါရီ 2011

မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲအရ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့ကို ဝန်ကြီး ဌာန ၃၄ ခုနဲ့ ဖွဲ့စည်းဖို့အတွက် ရွေးကောက်ခံ သမ္မတဦးသိန်းစိန်က ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် bbc
Image caption နိုင်ငံခြားရေးဝန်ကြီးကို ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းမယ်

အဲဒီအထဲက ဝန်ကြီးဌာနအများစုဟာ လက်ရှိ နအဖအစိုးရ လက်ထက် ဝန်ကြီးဌာနတွေ နဲ့ အမည်ရော အရေအတွက်ပါ သိပ်မကွာခြား လှဘဲ၊ သမ္မတရုံးဝန်ကြီးဌာနနဲ့ မြန်မာ့ စက်မှု လက်မှု ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဆိုတဲ့ အမည်သစ် တချို့တော့ ပါဝင်လာပါတယ်။

ဒါပေမယ့်ကာကွယ်ရေးဦးစီးချုပ်ကဖွဲ့စည်းပုံမှာ သတ်မှတ်ထားတဲ့ဝန်ကြီးသုံးနေရာထက်ပိုပြီး အမည်စာရင်းတင်မယ့်ပုံရှိနေပါတယ်။

နိုင်ငံခြားရေးဝန်ကြီးကို ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းမှာ ဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးဖက်က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေက ပြောပါတယ်။

ဝန်ကြီးအရေအတွက် ၃၀ ကိုလည်း သမ္မတက အမည်စာရင်းတင်သွင်းခဲ့တယ်လို့ သူက ပြောခဲ့ပေမယ့်၊ ဒီဝန်ကြီးတွေထဲက တချို့ကတော့ ဝန်ကြီးဌာနတခုထက်ပိုပြီး ပူးတွဲကိုင် မှာလား၊ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်မယ့်ဝန်ကြီး ၄ ဦးပါ ပေါင်းထည့်ပြီး စုစုပေါင်း ဝန်ကြီး ၃၄ ဦး ဖြစ်လာမှာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တခြားပါတီတွေက သဘောတူသလား

ကြံ့ခိုင်ဖွံ့ဖြိုးရေးမဟုတ်တဲ့ တခြားပါတီကိုယ်စားလှယ်တွေက နိုင်ငံခြားရေးဝန်ကြီးကို အရပ်ဖက်ကဘဲ လာစေချင်တယ်လို့ သိရပါတယ်။

Image caption ကန့်ကွက်ချင်ရင်တောင် ကြိုပြင်ရမယ်လို့ ဦးစိုင်းဆောင်စီက ပြောပါတယ်

လက်ရှိလွှတ်တော်တက်နေကြတဲ့ ကိုယ်စားလှယ် တွေအတွက် အခက်အခဲက အသစ်အဆန်း ဖြစ်နေသေးတဲ့ လွှတ်တော်မှာ တကယ်တမ်း ပြင်ဆင်မှု အပိုင်းမှာ လိုအပ်နေသေးတဲ့ အချက် ဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဌ ဦးစိုင်းဆောင်စီက သဘောမတူ တာရှိလို့ ကန့်ကွက် ချင်ရင်တောင် ကြိုတင် ပြင်ဆင်ဖို့ လိုတယ်လို့ ပြောပါတယ်။

အန်ဒီအက်ဖ် အမျိုးသားဒီမိုကရေစီအင်အားစု ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးခင်မောင်ရီက လည်း အကယ်၍ စစ်တပ်က နိုင်ငံခြားရေးဝန်ကြီး အမည် စာရင်းတင်မှာဆိုရင် သူ့တဦးချင်း အနေနဲ့တော့ ကန့်ကွက်ချင်ကြောင်းနဲ့ ဒါပေမယ့်လို့ တခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့တိုင်ပင် ရဦးမယ်လို့ ဆိုပါတယ်။

ရှေ့နေတဦးဖြစ်တဲ့ အန်ဒီအက်ဖ်ပါတီကိုယ်စားလှယ် ဦးသိန်းညွန့်ကတော့ ဥပဒေအရ ဒီလို ကန့်ကွက်ဖို့ဆိုတာ မလွယ်ကူဘူးဆိုပြီး၊ သူ့အမြင်ကို ပြောပြပါတယ်။

မနက်ဖြန် ပြည်ထောင်စုလွှတ်တော်အစည်းဝေး ဆက်လက်ကျင်းပတဲ့အခါမှာတော့ ဝန်ကြီး တွေရဲ့ အမည် စာရင်းထွက်ပေါ်လာလိမ့်မယ်လို့မျှော်လင့်ရပြီး၊ ဦးသိန်းစိန် တင်သွင်းထားတဲ့ အဆိုပြုချက်ကို ကန့်ကွက်နိုင်မယ့်သူ ရှိမယ့်ပုံ မရှိကြောင်း သုံးသပ်ရမှာ ဖြစ်ပါတယ်။