ပိတ်ဆို့အရေးယူမှု အန်အယ်လ်ဒီ ဆွေးနွေးလို

  • 8 ဖေဖော်ဝါရီ 2011

မြန်မာ နိုင်ငံ မှာ နိုင်ငံရေး အကျဉ်းသား တွေ အားလုံးကို လွှတ်ပေးတာ အပါအဝင် နိုင်ငံရေး ဖိနှိပ်မှုတွေ အားလုံးကို ရပ်တန့်ပြီး ညှိနှိုင်း ဆောင်ရွက်ခြင်းသည်သာ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကို ပယ်ဖျက် နိုင်လိမ့်မယ် လို့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

Image caption အစိုးရ ဘက်က အမြန်ဆုံး အပြောင်း အလဲတွေ ပြုလုပ် ဖို့ အန်အယ်လ်ဒီ တောင်းဆို

အမေရိကန်၊ ဥရောပ သမဂ္ဂ၊ ကနေဒါ၊ နယူးဇီလန်နဲ့ သြစတြေးလျ နိုင်ငံတို့က စီးပွားရေး အရ ပိတ်ဆို့ အရေးယူ ထားတာ တွေကို ဘယ်လို အခြေ အနေ မျိုးမှာ ရုပ်သိမ်း သင့်သလဲ ဆိုတာ နဲ့ ပတ်သက်လို့ အဲဒီ အရေး ယူမှုတွေ ပြုလုပ် ထားတဲ့ နိုင်ငံ တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တောင်းဆိုလိုက် ပါတယ်။

အင်္ဂါနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ စီးပွားရေး ပိတ်ဆို့မှု အပေါ် NLD ရဲ့ အမြင် ဆိုတဲ့ ကြေညာချက် မှာ ဒီပိတ်ဆို့ အရေးယူမှုတွေပြုလုပ်ဖို့ ဘယ်နိုင်ငံရေး ပါတီ၊ ဘယ် အဖွဲ့ အစည်း၊ ဘယ်သူ တစ်ဦး တစ်ယေက်ကမှ တောင်းဆိုခဲ့တာ မရှိဘဲ မြန်မာ အစိုးရက ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေး အခြေ အနေတွေ တိုးတက် ကောင်းမွန်အောင် လုပ်ဆောင် လာစေဖို့ ဖိအား ပေးတဲ့ အနေနဲ့ အနောက် နိုင်ငံတွေက ချမှတ် ထားတာသာ ဖြစ်တယ် လို့ ဖော်ပြထားပါတယ်။

အဲဒီ ထဲမှာ မြန်မာ နိုင်ငံ အပေါ် Sanction ဆိုတဲ့ ပိတ်ဆို့ အရေးယူမှုကို ကို ဆက်ထားသင့် သလား ရုပ်သိမ်းသင့် သလား ဆိုတာ ကိုတော့ အန်အယ်လ်ဒီက တိတိ ကျကျ ပြောဆို ထားတာ မရှိပါဘူး။ ဒါပေမဲ့ မြန်မာ နိုင်ငံ အတွင်း နိုင်ငံရေး အရ တိုးတက် ပြောင်းလဲမှုတွေ ဖြစ်လာ စေရေးဟာ မြန်မာ အစိုးရ အပေါ်မှာသာ မူတည် နေတယ် လို့ ဆိုထားပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကို အလျင် အမြန်ပြုလုပ်ဖို့ တိုက်တွန်း ထားပါတယ်။

အန်အယ်လ်ဒီက ပိတ်ဆို့ အရေးယူမှု ကိစ္စကို လေ့လာ သုံးသပ်ခဲ့ပြီးတဲ့ နောက် တရားဝင် ထုတ်ပြန်တာ အခု ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ပိတ်ဆို့ အရေးယူမှုနဲ့ ပတ်သက်ပြီး အန်လ်ဒီ ဘက်က အခုလို ထုတ်ဖော် ပြောတာဟာ ထူးခြားတဲ့ အပြင် ပိတ်ဆို့ အရေးယူမှုကို ပယ်ဖျက် ပေးဖို့ တောင်းဆို နေသူတွေကို ပြတ်ပြတ် သားသား ပြောလိုက်တဲ့ သဘောလည်း ဖြစ်တယ်လို့ လန်ဒန် စီးပွားရေး တက္ကသိုလ်က သုတေသီ ဒေါက်တာ ဇာနည်က မြင်ပါတယ်။

မူလ ကတည်းက မြန်မာ အစိုးရ မှာ စေ့စပ်ဆွေးနွေးလိုတဲ့ ဆန္ဒ မရှိတာကြောင့် အခုလို အန်အယ်လ်ဒီက ပိတ်ဆို့ အရေးယူရေး ကိစ္စကို ထုတ်ဖော် ပြောလာတဲ့ အတွက် အစိုးရနဲ့ စေ့စပ်ဆွေးနွေးရေး မှာ အဟန့် အတားတွေ ပို ဖြစ်သွား နိုင်ဖွယ် မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။

အန်အယ်လ်ဒီက ပိတ်ဆို့ အရေးယူရေးကို ထောက်ခံတယ် ဆိုပေမဲ့ အရေးယူပါလို့တော့ သူတို့က တောင်းဆိုခဲ့တာ မဟုတ်ဘူး၊ အနောက် နိုင်ငံတွေ ဘက်က ချမှတ် ပြီးတဲ့ နောက်မှသာ ထောက်ခံတာ ဖြစ်တယ်လို့လည်း ဒေါက်တာ ဇာနည်က ထောက်ပြ ပါတယ်။