DKBA/KNU တပ်တွေ နယ်ခြားစောင့်တပ်ကို တိုက်

  • 10 ဖေဖော်ဝါရီ 2011

ဒီကေဘီအေနဲ့ ကေအင်ယူ ပူးပေါင်းတပ်တွေဟာ ကြာသပတေးနေ့ မနက်က ကော့ကရိတ်မြို့ အနားက BGF နယ်ခြားစောင့်တပ် စခန်း ၃ ခု ကို ဝင်တိုက်လို့ နှစ်ဖက်ကြား တိုက်ပွဲတွေ ညနေ အထိ ဆက်ဖြစ်နေပါတယ်။

ဓာတ်ပုံ မူပိုင် afp
Image caption ဒီကေဘီအေ စစ်သားများ (ဓာတ်ပုံ - Karen Heritage website)

ကော့ကရိတ်မြို့ အထွက် မြဝတီမြို့ကို သွားတဲ့၊ ကားဂိတ်အ နားက ခင်နှင်းမူ ရွာမှာ ရှိတဲ့ စခန်း၊ နောက်တခါ ကော့ကရိတ်မြို့ အရှေ့တောင်ဖက်က ကြောင်လျှာကုန်းနဲ့ တောင်ပြတ် ဆိုတဲ့ ရွာတွေက BGF နယ်ခြားစောင့်တပ် စခန်း ၃ ခုကို ဒီကေဘီအေ နဲ့ ကေအင်ယူ ပူးပေါင်းတပ် တွေက မနက် ၅ နာရီမှာ တပြိုင်နက် ဝင်တိုက်တာ ဖြစ်ပါတယ်။

တိုက်ပွဲ အခြေအနေကို ကော့ကရိတ်မြို့ခံ တယောက်က အခုလို ပြောပါတယ်။

"တိုက်ခိုက်တဲ့ဆီမှာ အဲဒီတောင်ပြတ်စခန်း မှာကော ကြောင်လျှာကုန်း စခန်းမှာ အားလုံး တယောက် သေပြီးတော့၊ သုံးယောက် ဒဏ်ရာရသွားတယ်။ အဲလို ၁၂ နာရီ ထိုးလောက် အထိကို ဖြစ်တယ်ပေါ့။ ဖြစ်ပြီးတော့ ဒီကနေ စစ်ကူတွေ လိုက်သွားတာပေါ့။ လိုက် တော့ ကော့ကရိတ်မြို့ရဲ့ အရှေ့မြောက်ဖက် ၂ မိုင် ဝန်းကျင်လောက်ပဲ ရှိမယ်၊ ပျားခင်ကုန်းရွာပေါ့၊ အဲဒီနားမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတုံးပါပဲ"

တိုက်ပွဲမှာ ဒဏ်ရာရတဲ့၊ BGF နယ်ခြားစောင့် စစ်သား ၃ ယောက်ကို ဘားအံဆေးရုံကို ပို့ပြီး ဆေး ဝါးကုသမှု ပေးထားတယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ ဒဏ်ရာရတဲ့၊ အရပ်သား ၂ ယောက်ကိုတော့ ကော့ကရိတ် ဆေးရုံကို တင်ပို့ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီကေဘီအေနဲ့ ကေအင်ယူ ဖက်က ထိခိုက်ဒဏ်ရာရမှု ရှိမရှိ အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ဒီလို တိုက်ပွဲဖြစ်နေ တာကြောင့်၊ ကော့ကရိတ်မြို့ထဲ မှာတော့ စိုးရိမ်နေကြတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

"တိုက်ပွဲ အခြေအနေကြောင့် မြို့ထဲမှာ နည်းနည်းတော့၊ ကြောက်လန့်တကြား ဖြစ်တာပေါ့လေ၊ ပေါ်တာများ ဆွဲလေမလား၊ အထဲကိုပဲ ပစ်ထဲ့လေမလား ဆိုပြီးတော့ နည်းနည်းတော့ စိုးရိမ်ကြတယ်။ ဒါပေမဲ့ ဒီမြို့ထဲကို ပစ်တာ ခတ်တာတော့ မရှိပါဘူး၊ ဘယ်သူမှ မထွက်ပြေးပါဘူး၊ ကိုယ့်အိမ်မှာပဲ ကိုယ် နေကြတယ်။ သတင်း စုံစမ်းကြတယ်၊ ဒါလောက်ပါပဲ၊ အသွား အလာရှိနေပါတယ်"

မွန်းလွဲပိုင်းမှာတော့ ကော့ကရိတ်၊ မြ၀တီ ကားလမ်း တလျှောက်ကို အစိုးရတပ်တွေနဲ့ BGF နယ် ခြားစောင့်တပ်တွေ ထိန်းချုပ်နိုင်ပြီ ဖြစ်လို့ ကော့ကရိတ်က ခရီးသည်တင်ကားနဲ့ ကုန်ကားတွေကို မြ၀တီကို ထွက်ခွာသွားခွင့် ပေးခဲ့ပါတယ်။ တိုက်ပွဲတွေကတော့ ညနေပိုင်း အထိ ကော့ကရိတ် မြို့ အရှေ့မြောက်ဖက် ၃ မိုင် လောက် ဝေးတဲ့ တော၊ တောင်ထဲမှာ ဆက်ပြီး ဖြစ်နေတုံးပဲလို့ မြို့ခံတွေ ကပြောပါတယ်။