အခြေခံဥပဒေ ခုံရုံးအဖွဲ့ ဝင်တွေ ရွေးချယ်

  • 11 ဖေဖော်ဝါရီ 2011
U Thein Soe
Image caption အခြေခံဥပဒေခုံရုံး ဥက္ကဌ ဖြစ်လာနိုင်မယ့် ဦးသိန်းစိုး

ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်လာရင် အဆုံးအဖြတ် ပေးမယ့် ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင် ၉ ဦးရဲ့ အမည်စာရင်း ကို ပြည်ထောင်စုလွှတ်တော်မှာဘဲ ဒီကနေ့ တင်သွင်းခဲ့ပြီး၊ လာမယ့် တနင်္လာနေ့ လွှတ်တော် အစည်းအဝေး ပြန်စတဲ့အခါ ဆုံးဖြတ် အတည်ပြုကြမှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌအဖြစ် လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်ဟောင်း သိန်းစိုးကို သမ္မတဦးသိန်းစိန်က အမည်စာရင်း တင်သွင်းထား ပါတယ်။

သမ္မတက အမည်စာရင်း တင်သွင်းသူ သုံးဦး

၁။ ဦးသိန်းစိုး (ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ)

၂။ ဒေါက်တာ တင်အောင်အေး

၃။ ဒေါ်ခင်လှမြင့်

ဦးသိန်းစိုးကိုခုံရုံးအဖွဲ့ဥက္ကဌအဖြစ်သမ္မတကအဆိုထပ်တင်သွင်းပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌက အမည်စာရင်း တင်သွင်းသူ သုံးဦး

၁။ ဦးထွန်းကြည်

၂။ ဦးစိုးသိန်း

၃။ ဦးခင်ထွန်း

အမျိုးသားလွှတ်တော် ဥက္ကဌက အမည်စာရင်း တင်သွင်းသူ သုံးဦး

၁။ ဦးဆန်းမြင့်

၂။ ဦးမြင့်ကြိုင်

၃။ ဒေါ်မိမိကြည်

ဒီပုဂ္ဂိုလ်တွေထဲက အများစုဟာ ဥပဒေရေးရာ အတွေ့အကြုံရှိကြသူ ပညာရှင်တွေ ဖြစ်ပြီး ဗိုလ်ချုပ်ဟောင်း သိန်းစိုး နဲ့ ဒုတိယဗိုလ်မှူးကြီးဟောင်း ဆန်းမြင့်တို့ နှစ်ယောက်ပဲ တပ်မတော် အရာရှိတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အခြေခံဥပဒေ တရားရုံးရဲ့ တာဝန်တွေထဲမှာ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်း၊ ပြည်ထောင်စု လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ် လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့တို့က ပြဋ္ဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိမရှိ စိစစ်ခြင်း။

ဒါ့အပြင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအချင်းချင်း ဖြစ်ပေါ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်းဟူ၍ ပါရှိသည်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကို အခြေခံဥပဒေခုံရုံး ဥက္ကဌအဖြစ် ခန့်အပ်လိုက်တဲ့ အတွက် မူလ ကတည်းက အငြင်းပွားစရာ ဖြစ်နေခဲ့တဲ့ အခြေခံဥပဒေ ပြဌာန်းချက်တွေနဲ့ ပတ်သက်ပြီး ငြင်းခုံစောဒက တက်ဖို့ ပိုခက်အောင် လုပ်လိုက်သလို ဖြစ်သွားမယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။