ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေဖွဲ့

  • 11 ဖေဖော်ဝါရီ 2011
U Nyan Win ဓာတ်ပုံ မူပိုင် AP
Image caption ပဲခူးတိုင်း ဝန်ကြီးချုပ် ဖြစ်လာတဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း

ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က တိုင်းဒေသကြီးတွေ နဲ့ ပြည်နယ် လွှတ်တော်တွေက ဝန်ကြီးချုပ်တွေကို ခန့်အပ်လိုက်ပြီး ဝန်ကြီးဌာန ၉ ခုနဲ့ ဝန်ကြီး ၉ ဦး ထားဖို့ ကိုလည်း တိုင်းနဲ့ ပြည်နယ် ၁၄ ခုစလုံးက လွှတ်တော်တွေက ကန့်ကွက်သူမရှိ အတည်ပြုလိုက် ပါတယ်။

ကရင်ပြည်နယ်မှာ စစ်တပ် ကိုယ်စားလှယ်ဖြစ်တဲ့ ဗိုလ်မှူးချုပ် ဇော်မင်းက ပြည်နယ် ဝန်ကြီးချုပ် ဖြစ်ပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ် မှာတော့ ကြံ့ ခိုင်ဖွံ့ဖြိုးရေး ပါတီ ဝင် တွေ ချည်းပဲ ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

အဲဒီအထဲမှာ ချင်း၊ ကချင်၊ ရှမ်း အစရှိတဲ့ တိုင်းရင်းသားတွေ ပါတာလည်း တွေ့ရပါတယ်။

တိုင်းမှုးဟောင်းတွေ နဲ့ ဝန်ကြီးတွေ

ဒေသအလိုက် အုပ်ချုပ်ခဲ့ဘူးတဲ့ တိုင်းမှူးဟောင်းတွေလည်း ပြည်နယ် နဲ့ တိုင်း ဝန်ကြီးချုပ်တွေ ဖြစ်လာတာကို တွေ့ရပါတယ်။

ရန်ကုန်တိုင်းမှာ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ၊ မန္တလေးတိုင်းမှာ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ရဲမြင့်တို့ဖြစ်ပါတယ်။

ဝန်ကြီးတွေထဲကတော့ ပဲခူးတိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ မွန်ပြည်နယ်မှာတော့ သတ္တုတွင်းဝန်ကြီး ဦးအုန်းမြင့်တို့ ဒေသဆိုင်ရာ ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

ပြည်နယ် ဝန်ကြီးချုပ်၊ ဝန်ကြီးဌာန အရေအတွက် နဲ့ တရားလွှတ်တော် အတွက် တရားသူကြီးတွေ ကို သမ္မတက တိုက်ရိုက် အမည်စာရင်း တင်သွင်းတာကို ကန့်ကွက်မဲမရှိ အတည်ပြုခဲ့ပါတယ်။

ဝန်ကြီးဌာန ၉ ခု

တိုင်းနဲ့ပြည်နယ် ဝန်ကြီးဌာန ၉ ခုထဲမှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စီးပွားရေး၊ ပညာရေး၊ လယ်ယာ နဲ့ သစ်တော၊ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး၊ ယဉ်ကျေးမှု၊ ပြန်ကြားရေးဝန်ကြီးဌာန တွေက တိုင်းနဲ့ ပြည်နယ် တိုင်းလိုလိုမှာပါပြီး ဒေသအလိုက် သင့်တော်ရာ ဝန်ကြီးဌာနတချို့ ကိုလည်း သီးခြား သတ်မှတ်တာ တွေ့ရပါတယ်။

သားငါး နဲ့ သဘာဓါတ်ငွေ့ ထွက်တဲ့ တနင်္သာရီတိုင်းမှာ သားငါးနဲ့ စွမ်းအင်ဝန်ကြီးဌာန ဆိုတာ ပါလာပါတယ်။ ကချင်ပြည်နယ်မှာ သတ္တုတွင်း ဝန်ကြီးဌာန ရှိလာပါတယ်။ မန္တလေးတိုင်းမှာတော့ ထူးထူးခြားခြား မြို့တော်ဝန်နဲ့ စည်ပင်သာယာရေး ဝန်ကြီးဌာန ဆိုပြီး တွဲပြီး ပါလာပါတယ်။ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ခွါ တဲ့ အလုပ်သမားတွေ များတဲ့ မွန်ပြည်နယ်မှာတော့ အလုပ်သမားဝန်ကြီးဌာန ဖွဲ့စည်းခဲ့တာ တွေ့ရပါတယ်။

ရန်ကုန်တိုင်း တခုထဲမှာဘဲ နိုင်ငံခြားရေး ဝန်ကြီးဌာန ပါတာကိုလည်း တွေ့ရပါတယ်။ တိုင်းနဲ့ပြည်နယ် ဝန်ကြီး နာမည်စာရင်းတွေတော့ မထွက်သေးပါဘူး။

တိုင်းရင်းသားပါတီတွေက အမတ်တွေကို ဝန်ကြီးနေရာ ခန့်အပ်ကောင်း ခန့်အပ်နိုင်တယ်လို့ ရခိုင် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (အာအဲန်ဒီပီ) က ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ဘီဘီစီကိုပြောပါတယ်။

တရား လွှတ်တော်

တရားလွှတ်တော်အတွက် တရားသူကြီး အရေအတွက်ကိုလည်း သတ်မှတ်လိုက်ပါတယ်။

တရားလွှတ်တော် အတွက် တရားသူကြီးတွေက ချင်းပြည်နယ်မှာ ၂ ဦး၊ ဧရာဝတီတိုင်းမှာ ၅ ဦး၊ မန္တလေးနဲ့ ရန်ကုန်မှာ ၆ ဦး ဖြစ်ပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ် တွေမှာတော့ ၃ ဦး သာ ခန့်အပ်တာကို တွေ့ရပါတယ်။