၆၄ နှစ်မြောက် ပြည်ထောင်စုနေ့

  • 12 ဖေဖော်ဝါရီ 2011
Pang Long

ဒီနေ့ ဖေဖော်ဝါရီလ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၄ ကြိမ်မြောက် ပြည်ထောင်စုနေ့အခန်းအနားတွေကို မြန်မာအစိုးရက ကျင်းပဖို့ရှိတဲ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း ရန်ကုန် ရွှေဂုံတိုင်က ရုံးချုပ်မှာ ကျင်းပဖို့ရှိပါတယ်။

နောက်ပြီး ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၁၁ ခု စုစည်းထားတဲ့ ဒီမိုကရေစီ မိတ်ဆွေ ပါတီများ ဆိုတဲ့ ပါတီမဟာမိတ်အဖွဲ့တစ်ခုကလည်း ပြည်ထောင်စုနေ့အခန်းအနားတစ်ခုကို ရွေဂုံတိုင်လမ်း မှာရှိတဲ့ ဟော့ပေါ့ဆိုင်တစ်ခုမှာ စုပေါင်း လုပ်ကြဖို့ ရှိပါတယ်။

ဒီအဖွဲ့ထဲမှာ မြန်မာတိုင်းရင်းသားပါတီတွေအပြင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဖလုံစဝေါ်ပါတီ၊ ချင်းအမျိုးသား ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) စတဲ့ ပါတီတွေလည်း ပါဝင်ကြပါတယ်။

ဒီမဟာမိတ်ပါတီတွေက နိုင်ငံ့အရေးမှာ ပူးပေါင်းလုပ်ဆောင်ကြဖို့ ဆွေးနွေးဖြစ်ကြရင်း ပထမဆုံးအနေနဲ့ ပြည်ထောင်စုနေ့အခမ်းအနားကို စုပေါင်းကျင်းပကြတာ ဖြစ်တယ်လို့ ဒီအဖွဲ့ထဲမှာပါတဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)က ဥက္ကဌ ဦးသုဝေက ပြောပါတယ်။

ပင်လုံညီလာခံကနေ ညီညွတ်ရေးရကြလို့ လွတ်လပ်ရေးရခဲ့သလို ညီညွတ်မှုကနေ ဒီမိုကရေစီပန်းတိုင်စီ သွားနိုင်ဖို့ ပါတီတွေအနေနဲ့ ကြိုးပမ်းမယ်လို့ ဦးသုဝေက ပြောပါတယ်။