မြန်မာ့လူ့အခွင့်အရေးကို အာဆီယံလျစ်လျူရှု

  • 13 ဖေဖော်ဝါရီ 2011
Asean

မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အာဆီယံနိုင်ငံတွေက လျစ်လျူရှုထားတယ်လို့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့တွေနဲ့ လှုပ်ရှားသူတွေက ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ကျင်းပခဲတဲ့ အစည်းအဝေးတစ်ခုမှာ တက်ရောက်လာတဲ့ အာဆီယံကိုယ်စားလှယ်တွေက မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုတွေကို ကြိုဆိုကြောင်းပြောခဲ့ကြတာကို စိတ်ပျက်မိကြောင်း ပြည်ပအခြေစိုက် မြန်မာ့အရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၄၀ က အာဆီယံနိုင်ငံတွေဆီပို့တဲ့ အိတ်ဖွင့်ပေးစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

သောကြာနေ့က ပေးပို့တဲ့ ဒီစာနဲ့ပတ်သက်ပြီး ရေးသားထုတ်ပြန်တဲ့ အဖွဲ့တွေထဲမှာပါတဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးပညာပေးအဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့က ဂျနီဗာ မြို့မှာ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာ နိုင်ငံ အပေါ်ကြားနာမှု မှာ နိုင်ငံ ပေါင်း ၇၀ ကျော်က သူတို့ ရဲ့ အမြင်တွေကို ထုတ်ဖော်ပြောကြား ခဲ့ကြရာမှာ အာဆီယံ နိုင်ငံတွေကလဲ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီလို ပြောဆိုခဲ့ကြ ရာမှာ အာဆီယံ ၉ နိုင်ငံက မြန်မာ နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ကျေနပ် အားရကြောင်းနဲ့ မြန်မာ အစိုးရရဲ့ လူ့ အခွင့် အရေး ဆိုင်ရာ ကြိုးပမ်းမှုကို ကြိုဆိုကြောင်း ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှား နိုင်ငံကလဲ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကာကွယ်ပြောကြား သွားခဲ့တယ်လို့ ဆိုပါတယ်။

အာဆီယံရဲ့ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှား က အာဆီယံ အဖွဲ့ အတွင်းမှာ လူ့ အခွင့်အရေး ပိုမိုထွန်းကား ဖို့ ကြိုးပမ်းသွားမယ်လို့ ဂတိပေးထားခဲ့တဲ့ အကြောင်း၊ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့ အခွင့် အရေး နဲ့ ဆိုင်တဲ့ ကိစ္စတွေကို မဖြေရှင်းဘဲနဲ့ ဒေသအတွင်း မှာ လူ့ အခွင့်အရေး မထွန်းကားနိုင်ကြောင်း၊ ဒါကြောင့် ပြောထားခဲ့တဲ့ အတိုင်း လူ့ အခွင့် အရေး တွေ ပိုမို ထွန်းကားလာအောင် လုပ်နိုင်ဖို့ အတွက် သတိ ပေးလိုက်ခြင်းလဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှာကတော့ လာမဲ့ မေလကျမှ ဖြစ်ပါတယ်။