ညီညွတ်ကြဖို့ ဒေါ်အောင်ဆန်း စုကြည် ပြော

  • 12 ဖေဖော်ဝါရီ 2011
union day ဓာတ်ပုံ မူပိုင် bbc
Image caption နေပြည်တော် အခမ်းအနားကို တိုင်းရင်းသား ကိုယ်စားလှယ် တွေ တက်

ဒီကနေ့ ကျရောက်တဲ့ ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွေကို အန်အယ်လ်ဒီ ပါတီဝင်တွေကရန်ကုန်မြို့ ဗဟန်းမှာ ရှိတဲ့ အန်အယ်လ်ဒီ ဗဟိုဌာနချုပ် အပါအဝင် နိုင်ငံအဝှမ်းမှာ ကျင်းပခဲ့ကြ ပါတယ်။

အန်အယ်လ်ဒီ ဗဟိုဌာနချုပ်မှာ ကျင်းပတဲ့ အခမ်းအနားကို ပရိတ်သတ် ၂ထောင်ကျော် တက်ရောက်ခဲ့ပြီး မျိုးချစ် ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့ ပင်လုံ စိတ်ဓါတ်ကို အခြေခံပြီး အားလုံး ကျယ်ကျယ်ပြန်ပြန့်နဲ့ ညီညီညွတ်ညွတ် လုပ်ကိုင်သွားဖို့ လိုတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောသွားပါတယ်။

ညီညွတ်မှုကို ရှာဖို့ ဆိုတာဟာ နေရာ ကျယ်ကျယ်ပြန့်ပြန့်မှာ အားလုံး ဝင်ပြီး လုပ်နိုင်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ၆၄နှစ်မြောက် ပြည်ထောင်စုနေ့ မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

အဲဒီအခမ်းအနားမှာ အန်အယ်လ်ဒီ ဒုဥက္ကဌ ဦးတင်ဦးနဲ့ ဗဟို အလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်တို့ကလည်း အမှာစကားတွေ ပြောကြားခဲ့ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေ ကလည်း သဝဏ်လွှာတွေ ဖတ်ကြားခဲ့ပါတယ်။

အခမ်းအနားမှာ နွေဦး အိုးဝေ အမည်နဲ့ နံရံကပ် စာစောင်တွေကို ပြသထားသလို တိုင်းရင်းသား အကတွေနဲ့လည်း ဖျော်ဖြေခဲ့ပါတယ်။

အလားတူ အခမ်းအနားတွေကို စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက အန်အယ်လ်ဒီ ပါတီဝင် တွေက စစ်ကိုင်းတိုင်း အန်အယ်လ်ဒီ ရုံးချုပ်မှာ ပြုလုပ်ခဲ့ကြပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့မှာလည်း ကဗျာဆရာကြီး ကိုလေး အင်းဝ ဂုဏ်ရည်က မြတ်စွာဘုရားနဲ့ ဖွားဖက်တော် ခေါင်းစဉ်နဲ့ ပြည်ထောင်စု စိတ်ဓါတ်ကို ဟောပြောခဲ့သလို ကျောက်ပန်းတောင်း ပုသိမ် တွံတေးနဲ့ မြိတ်မြို့နယ်တွေမှာလည်းပြုလုပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပါတီ ၁၁ခု ကလည်း ဒီမိုကရေစီ မိတ်ဆွေပါတီများ အဖွဲ့ဆိုပြီး ပြည်ထောင်စုနေ့ အခမ်းအနား လုပ်ခဲ့ပြီး စုပေါင်း ထုတ်ပြန်ချက် တစောင် ထုတ်ခဲ့တယ်လို့ ဒီမိုကရက်တစ်ပါတီ မြန်မာရဲ့ ဥက္ကဌ ဦးသုဝေက ဘီဘီစီကို ပြောပြပါတယ်။

လူထုကို ထိခိုက်စေသော ပိတ်ဆို့မှု မလုပ်သင့်ကြောင်းနဲ့ တိုင်းပြည် လူထုအပေါ်မှာ နစ်နာမှုတွေ ရှိတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုတဲ့ အဆိုပြုချက် တချက် ကိုလည်း အဲဒီ ကြေညာချက်ထဲမှာ ထည့်သွင်း ထားကြောင်း ဦးသုဝေက ပြောပါတယ်။

လက်ရှိ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေကတော့ နေပြည်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေကို ညစာစားပွဲနဲ့ ဧည့်ခံပြီးတော့ ဒို့တာဝန် အရေး သုံးပါး အတိုင်း အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ ကြိုးပမ်း တည်ထောင်ခဲ့တဲ့ စနစ်သစ် တရပ်ကို တိုင်းရင်းသား အားလုံးက အနှောင့်အယှက် အဟန့်အတားတွေကို ကျော်ဖြတ်ပြီး ဝိုင်းဝန်း ကာကွယ် ဆောင်ရွက်သွားကြဖို့ လိုအပ်တယ်လို့ သူရဲ့ သဝဏ်လွှာမှာ ပြောဆိုသွားပါတယ်။