ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ကျင်းပ

  • 13 ဖေဖော်ဝါရီ 2011
aung san birthday
Image caption ဗိုလ်ချုပ်မွေးနေ့ကို ကလေးငယ်တွေနဲ့ အတူ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကျင်းပ

မြန်မာ့ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ မွေးနေ့အခမ်းအနားနဲ့ မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဗဟို ရုံးချုပ်မှာ ပါတီဝင်တွေနဲ့ စာပေ အနုပညာရှင်တွေ စုပေါင်းပြီး ကျင်းပခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ကလေးတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း အမေးအဖြေ လုပ်ခဲ့သလို ဗိုလ်ချုပ် ပုံတူ ပန်းချီဆွဲ၊ ဗိုလ်ချုပ် မိန့်ခွန်းပြော နဲ့ ကဗျာရွတ် ပြိုင်ပွဲတွေကို ကလေးငယ် တရာ နီးပါးနဲ့ ပြုလုပ်ခဲ့ပါတယ်။

တခါ ပဲခူးတိုင်း ပဲခူးမြို့မှာလည်း NLD လူငယ်တွေနဲ့ အမျိုးသမီးအဖွဲ့က ဦးစီးပြီး ကလေးငယ်တွေအတွက် ပြေးပွဲ ပြိုင်ပွဲတွေကို ကျင်းပခဲ့ပါတယ်။

မကွေးတိုင်း ရေနံချောင်းမြို့မှာတော့ NLD ပါတီဝင်တွေက ရွှေစေတီ ပါဠိ တက္ကသိုလ်က သံဃာ ၆၀ ကျော်ကို ဆွမ်းကပ် လှူဒါန်းခဲ့ပြီး မန္တလေးတိုင်း NLD အဖွဲ့ချုပ် ကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓါတ်တွေကို အလယ်တန်း အဆင့် ကလေးငယ်တွေ နားလည်လာအောင် စာအုပ် ရိုက်နှိပ် ဖြန့်ဝေခဲ့ပါတယ်။

အလားတူ အခမ်းအနားတွေကို ရန်ကုန်တိုင်း သံလျင်နဲ့ သုံးခွ မြို့နယ်တို့ ပူးပေါင်းပြီး သုံးခွမြို့မှာ လုပ်ခဲ့သလို တောင်ဒဂုံ၊ ကျောက်ပန်းတောင်းနဲ့ တွံတေးမြို့တွေမှာ လည်း ကျင်းပခဲ့ပါတယ်။

တခါ ဒီကနေ့မှာပဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရာပြည့် မွေးနေ့ အကြိုအဖြစ် " စာရေးဆရာ ကိုအောင်ဆန်း " လို့ အမည်ပေးထားတဲ့ စာအုပ်တအုပ်လည်း ဒီကနေ့ ဖြန့်ချိ ထုတ်ဝေ ခဲ့ပါတယ်။

ဒီစာအုပ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရော၊ သခင် ကိုယ်တော်မှိုင်း၊ မောင်ထင်၊ ဒဂုန်တာရာ စတဲ့ ဝါရင့် စာရေးဆရာကြီးတွေကအစ လက်ရှိ လူငယ် စာရေးဆရာ၊ ကဗျာဆရာတွေ အပါအဝင် စာပေ အနုပညာရှင် ၅၀ ကျော်ရဲ့ လက်ရာတွေကို ထည့်သွင်း ဖေါ်ပြထားပါတယ်။

မွန်မြတ်တဲ့ စာရေးဆရာ တဦး ဖြစ်လိုခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆန္ဒကို ဖြည့်ဆည်းတဲ့ အနေနဲ့ရော၊ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း မသိကြသူ လူငယ်လေးတွေ ကိုပါ သမိုင်းကြောင်း လက်ဆင့်ကမ်းတဲ့ အနေနဲ့ ဒီစာအုပ်ကို ထုတ်ဝေခဲ့တာ ဖြစ်ကြောင်း ကဗျာဆရာ မောင်စိမ်းနီ က ဘီဘီစီကို ပြောပြပါတယ်။