ဒီကေဘီအေ ပူးပေါင်းတပ်တွေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်

  • 13 ဖေဖော်ဝါရီ 2011
DKBA ဓာတ်ပုံ မူပိုင် afp
Image caption ဒီကေဘီအေနဲ့ အစိုးရတပ်ကြား တိုက်ပွဲ ဖြစ်တာ တပတ်အတွင်း ၃ကြိမ် ရှိ

ကရင်ပြည်နယ် ကော့ကရိတ်မြို့ကနေ မြဝတီကို သွားတဲ့ ကားလမ်းပေါ်က စစ်ဆေးရေးဂိတ် အနားမှာ ဒီကေဘီအေ၊ ကေအင်ယူ ပူးပေါင်းတပ်တွေနဲ့ အစိုးရ တပ်တွေ အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ ပါတယ်။

အဲဒီဂိတ်အနား ခင်နှင်းမူရွာ အနောက်ဖက်ကနေ ကော့ကရိတ်မြို့ထဲကို ဝင်ဖို့ ဒီကေဘီအေနဲ့ ကေအင်ယူ ပူးပေါင်းတပ်တွေ ချဉ်းကပ်လာချိန် မှာ အစိုးရတပ်တွေနဲ့ ပက်ပင်းတိုးပြီး တိုက်ပွဲ ဖြစ်ခဲ့တာပါ။

တိုက်ပွဲက ၁၅ မိနစ်လောက် ဖြစ်ခဲ့ပြီး တိုက်ပွဲ အခြေအနေကြောင့် မြို့ထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်လို့ မြို့ခံ တဦးက ဘီဘီစီကို ပြောပါတယ်။

ဒီတိုက်ပွဲမှာ ကော့ကရိတ်ကို စစ်ကူ ရောက်နေတဲ့ နအဖ တပ်ရင်းကနေ အဝေးပစ် မော်တာ တွေနဲ့ ဒရစပ် ပစ်ခတ်ခဲ့တာကြောင့် ဒီကေဘီအေနဲ့ ကေအင်ယူ တပ်တွေ ဆုတ်ခွာသွားတယ် လို့လည်း ပြောပါတယ်။

ဒီကေဘီအေနဲ့ ကေအင်ယူတပ်တွေဟာ ဆုတ်သွားတာ ခင်နှင်းမူရွာကနေ တဖါလုံလောက်ပဲ ေးတဲ့အတွက် မြို့ခံတွေက ရတက် မအေး ဖြစ်နေကြပါတယ်။

စနေနေ့ည တုန်းကလည်း ကော့ကရိတ်မြို့ပြင်မှာ မော်တာတွေနဲ့ ပစ်ခတ်ကြတာတွေလည်း ရှိတယ်လို့ မြို့ခံတွေက ပြောပြပါတယ်။

အခု တိုက်ပွဲနဲ့ပါ ဆိုရင် ရက်သတ္တပတ်အတွင်းမှာတော့ ကော့ကရိတ်မြို့နဲ့ အနီးအနားမှာ တိုက်ပွဲ ဖြစ်တာ ၃ကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။