နိုင်ငံရေး အမြင် ကြီးမားတဲ့ ဖဒိုမန်းရှာ

  • 14 ဖေဖော်ဝါရီ 2011

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကေအန်ယူ ကရင် အမျိုးသား အစည်း အရုံး အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံ ခံခဲ့ရတာ သုံးနှစ် ပြည့် သွားပါပြီ။

ဓာတ်ပုံ မူပိုင် burmese
Image caption လုပ်ကြံခံရမှု မတိုင်ခင် တစ်နှစ် က ဖဒိုမန်းရှာ

၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက် ညနေ ၄ နာရီခွဲ လောက်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဗန့်နေယား ရပ်ကွက်က သူ့နေအိမ်မှာ၊ သေနတ် သမား တချို့ရဲ့ပစ်ခတ် သတ်ဖြတ် မှုကြောင့် ပွဲချင်းပြီး သေဆုံးသွား ခဲ့တာ ဖြစ်ပါ တယ်။

သူ့ကို လုပ်ကြံခဲ့တဲ့ လက်သည်ကို တော့ ဒီကနေ့ အထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

ဖဒိုမန်းရှာဟာ တိုင်းရင်းသား အင်အားစုတွေနဲ့ တခြား မဟာမိတ် နိုင်ငံရေး အင်အားစုတွေကို စုစည်း ပေးနိုင်ခဲ့သူ ဖြစ်ပြီး၊ သူ့လို ခေါင်းဆောင်မျိုး ပေါ်ထွန်းကောင်း ပေါ်ထွန်း လာနိုင် ပေမယ့် သူ့လို အရည်အချင်းမျိုး ရှိနိုင်ဖို့ကတော့ မလွယ်ဘူးလို့ သူနဲ့ ရင်းရင်းနှီးနှီး လက်တွဲ ဆောင်ရွက်ခဲ့ဖူးတဲ့ ထိုင်းနိုင်ငံ NLDLA မဟာမိတ် ဆက်ဆံရေးနဲ့ တပ်ပေါင်းစုရေးရာ ကော်မီတီဝင် ကိုထွန်းအောင်ကျော်က ပြောပါတယ်။

ဖဒိုမန်းရှာဟာ တိုင်းရင်းသား လူအမျိုးစုများရဲ့ အရေးကို ဆောင်ရွက်နေချိန်မှာပဲ ဒီမိုကရေစီ အင်အားစုတွေ ရဲ့ အရေးကိုလည်း အလေးထား ဆောင်ရွက်ခဲ့တယ်၊ တိုင်းရင်းသား အများစုက ဗမာ မုန်းတီးရေး စိတ်တွေ ရှိနေခဲ့ပေမဲ့ ဖဒို မန်းရှာကတော့ နွေးနွေး ထွေးထွေး ကြိုဆိုခဲ့တယ် လို့ ကိုထွန်းအောင်ကျော်က သူ့ အတွေ့ အကြုံနဲ့ ယှဉ်ပြီး ဘီဘီစီကို ပြန်ပြောပါတယ်။

အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး မာနယ်ပလော ဆွေးနွေးမှု လုပ်ခဲ့ သလို ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား တွေ ပူးပေါင်းပြီး ပြည်တွင်းက NLD နဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံမှု ပေးကြဖို့ လိုအပ်တယ် ဆိုတဲ့ နိုင်ငံရေး အမြင်နဲ့ ၂၀၀၇ ခုနှစ်က မဲသဝေါထ သဘော တူညီချက်ကို ဖဒိုမန်းရှာရဲ့ စုစည်း မှုနဲ့ ချုပ်ဆို နိုင်ခဲ့တယ်လို့လည်း ကိုထွန်းအောင်ကျော်က ပြောပါတယ်။

ဗဒိုမန်းရှာ လုပ်ကြံ ခံရပြီး နောက်ပိုင်းမှာတော့၊ ကေအင်ယူ အတွင်းမှာရော တခြား မဟာမိတ်တွေ ကြားမှာပါ သူရှိစဉ်ကလောက် စုစည်းမှု အင်အား မကောင်း တော့ဘူးလို့ လည်း သူက ဆိုပါတယ်။