သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒူးနေရာဒူး၊ တော်နေရာတော်

  • 16 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင် mtn
Image caption အလင်္ကာ ပုလဲပန်း ဒူးလောက်တင်မှ ရင်လောက်ကျ

ဒူးနေရာဒူး၊ တော်နေရာတော်။

ရှေးခေတ်နန်းတော်ထဲမှာ ဒူးထောက်ခစားရတဲ့သူနဲ့ တော်ဝင်မျိုးနွယ်တွေနေတဲ့ နေရာဆိုပြီး ခွဲခြားသတ်မှတ် ထားပါတယ်။ ကိုယ်နဲ့ သင့်တော်တဲ့ နေရာမှာ နေရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ဒူးနေရာဒူး၊ တော်နေရာတော်လို့ ခေါ်တာဖြစ်ပါတယ်။

ငုံးဆူလူမသိ။

ငုံးတွေ ဆူဖြိုး၊ ဝဖီးနေပေမယ့် လူတွေ အလွယ်တကူ မသိနိုင်ဘူးလို့ ဆိုချင်တာဖြစ်ပါတယ်။ တချို့က မှားယွင်းပြီး ငုံးတွေဆူညံတာကို လူကမသိဘူးလို့ ဆိုတာထင် တတ်ကြပါတယ်။

ဒူးလောက်တင်မှ၊ ရင်လောက်ကျ။

အညာမှာ အမျိုးသမီးငယ်တွေ ရေခပ်တဲ့ အခါ ရေအိုးကို ခေါင်းပေါ်ပင့်တင်ဖို့အတွက် တဆင့်တည်းနဲ့ ရောက်အောင် မတင်နိုင်တတ်လို့ ဒူးပေါ်ကတဆင့် ခေါင်းပေါ်ပင့်ရပါတယ်။ ဒူးလောက်တင်တဲ့အခါမှာ ရေအိုးဟာ ရင်ညွန့်နဲ့ တတန်းတည်း ဖြစ်သွားတာကို ရည်ရွယ်ပြီး ဒူးလောက်တင်မှ ရင်လောက်ကျတယ် လို့ဆိုတာ ဖြစ်ကြောင်း ဆရာမောင်သာနိုးက ပြောပါတယ်။

နောက်ထပ် မူကွဲတမျိုးကတော့ ဒူးဆိုတာ ခြေထောက်မှာရှိတဲ့ ဒူးကို ဆိုတာမဟုတ်ဘဲ၊ ရင်ဒူးကို ခေါ်တာလို့ ဆိုပါတယ်။ ရင်ဒူးဆိုတာ ရင်ညွန့် အထက်နားကပ်ရက် နေရာကို ဆိုချင်တာဖြစ်ပါတယ်။ လူမှာ ရင်ဒူး အသုံးပျောက်ကွယ်သွားပေမယ့် ဆိတ်သားမှာ ရင်ဒူးဆိုတဲ့ အသုံး ရှိနေသေး ကြောင်း ဆိုကြပါတယ်။ ဒါ့ကြောင့် ဒူးလောက်တင်မှ ရင်လောက်ကျမယ် ဆိုတာဟာ ရင်ဒူးလောက်တင်မှ ရင်လောက်ပဲကျတာကို ရည်ရွယ်တာလို့ ဆိုပါတယ်။

နောက်တတိယ မူကွဲကတော့ သားကောင်ကို မုဆိုးက ပစ်ခတ်ဖို့ ချိန်ရွယ်တဲ့ အခါ မုဆိုးဒူးထောက် ထောက်ပြီး ချိန်ရွယ်ပါတယ်။ အဲသလို ချိန်ရွယ်တဲ့ အခါမှာ လေး၊ ဒူးလေးတို့ကို ကိုယ့်ဒူးလောက်မှာတင်မှ သားကောင်ရဲ့ ရင်လောက်ကျမယ်လို့ ပြောတာလို့ ဆိုပါတယ်။

မီးစဉ်ကြည့်က။

ရှေးအခါက ဇာတ်ပွဲကရာမှာ မီးခွက်တင်၊ မီးထိုးပြီး ကကြရပါတယ်။ အဲသလို ကကြရာမှာ မီးထိုးပြတဲ့ အစီအစဉ်ကို ကြည့်ကကြရတာကို မီးစဉ်ကြည့် ကရတယ်လို့ ဆိုပါတယ်။